လားရှိုးမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကိုးဦး ဒဏ်ရာရ

လားရှိုးမြို့ မန်နားရွာကို စစ်တပ်က စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကိုးဦး ထိခိုက်ခဲ့ပြီး သုံးဦးက ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

လားရှိုးမြို့ရှိ မန်နားရွာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ က လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများကို တွေ့ရစဉ်။ Facebook/လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက် မန်နားရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ကိုးဦး ထိခိုက်ခဲ့ပြီး သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး သုံးဦးပါဝင်ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဈေးဆိုင်တွေနဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်က လေးငါးအိမ်လောက် ပျက်စီးသွားတယ်။ လူတွေ ထိခိုက်မှုလည်းရှိတယ်ဗျ။ ညပိုင်းဆိုတော့ လူဘယ် နှယောက် ထိသွားတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး”

ကိုးကန့်တပ်မတော် (MNDAA) ဘက်ကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးဦးဒဏ်ရာရသွားတယ်လို့ အောက်တိုဘာလ ၁ ရက် ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက သြဂုတ်လ ၃၀ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့ အထိတစ်လအတွင်း လေကြောင်းကနေ ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး အရပ်သား ငါးဆယ်ကျော် ဒဏ်ရာရပါတယ်။

ဒီ့အပြင် လားရှိုးမြို့မစျေးဆိုင်ခန်းတွေအပါအဝင် မြို့ရဲ့ အထင်ကရ ဟိုတယ်တွေနဲ့ အရပ်သား နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီက လားရှိုးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်ရဖို့ မြေပြင်ရော၊ ဝေဟင်ကနေပါ ပြန်လည်ထိုးစစ်ဆင်မယ်လို့ ပြောဆိုထားပြီး လားရှိုး၊ သီပေါ၊ နောင်ချိုမြို့တွေကို လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org