လားရှိုးမြို့အနီး MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်ဖြစ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေးရက်ကြာအပစ်ရပ်မယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကြေညာထားပေမဲ့ ဇူလိုင်လ ၁၅ ရက်နေ့အထိ လားရှိုးမြို့အနီးတစ်၀ိုက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-07-15 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေးရက်ကြာအပစ်ရပ်မယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ကြေညာထားပေမဲ့ ဇူလိုင်လ ၁၅ ရက်နေ့အထိ လားရှိုးမြို့အနီးတစ်၀ိုက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က မြို့တွင်းတပ်စခန်းတွေကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေ ပစ်ခတ်မှုတွေလည်း ဆက်ရှိနေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
"မြို့ထဲကနေဆို နှစ်မိုင်အကွာလောက်ပဲ ရှိတော့မယ်။ ကုံးမုံရွာနဲ့ နမ့်ခိုက်ရွာ အစပ်နားအထိတောင် ရောက်လာပြီ၊ ကိုးကန့်တပ်ဖွဲ့တွေက။ မနက်ကလည်း ပစ်နေတုန်းပဲ။ အဓိက မြို့ပြင်ဘက်မှာ ဖြစ်နေတာ။ လေယာဉ်နဲ့လည်း လာပစ်သေးတယ်"
လာရှိုးမြို့အနီးတစ်၀ိုက်ကနေ မြို့တွင်းကို ထိုးဖောက်နိုင်ဖို့ MNDAA ပူးပေါင်းတပ်တွေက ကြိုးပမ်းနေပြီး စစ်ကောင်စီတပ်ကလည်း အပြင်းအထန် ခုခံနေတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့စောင့်တပ်လို့ လူသိများတဲ့ ခလရ (၆၈) နဲ့ ခမရ (၅၀၇) တပ်ရင်းတွေအနီးမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
MNDAA နဲ့ TNLA ဘက်ကတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကြောင့် လေးရက်အကြာ ထိုးစစ်တွေ ရပ်ထားမှာဖြစ်ပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာရင် ပြန်လည် တိုက်ခိုက်မယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။