လားရှိုးမှာ TNLA တပ်သားသစ်စုလို့ ရွာသား နှစ်ရာကျော် ထွက်ပြေး
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်ဖော့ကျေးရွာ အုပ်စုအတွင်းက ကျေးရွာတချို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) က တပ်သားသစ် စုဆောင်းနေလို့ဆိုပြီး ဒေသခံရွာသား နှစ်ရာကျော် လားရှိုးမြို့ပေါ်ကို စက်တင်ဘာ ၁ ရက် မနေ့ညက ထွက်ပြေးခဲ့ကြပါတယ်။
-
2020-09-02 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်ဖော့ကျေးရွာ အုပ်စုအတွင်းက ကျေးရွာတချို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က တပ်သားသစ် စုဆောင်းဖို့ ကြိုးစားနေလို့ဆိုပြီး ဒေသခံရွာသား နှစ်ရာကျော်ဟာ လားရှိုးမြို့ပေါ်ကို စက်တင်ဘာ ၁ ရက် မနေ့ညက ထွက်ပြေးခဲ့ကြပါတယ်။
ထွက်ပြေးလာသူတွေဟာ နောင်ဖော့ကျေးရွာအုပ်စု နမ့်မော်စွန့်၊ ပန်ခမ်နဲ့ နမ့်ဖတ်အွမ်ကျေးရွာတွေက ဖြစ်ပါတယ်။ TNLA အဖွဲ့က ကျေးရွာမှာ “လူသစ်ပေးရမယ်။ မပေးရင်ရွာထဲကို ဝင်လာမယ်” လို့ ပြောတာကြောင့် ထွက်ပြေးလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်ခမ်ကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖုန်းဆက်ပြီးမှ ခင်ဗျားတို့လူလာပို့မလား ၊ခင်ဗျားတို့လူလာမပို့ရင် ကျွန်တော်တို့ ဒီညရွာကိုဝင်လာခဲ့ ရှိတဲ့ပလောင်ရွာတွေအကုန်လုံး ဒီလားရှိုးမြို့မှာရှိတဲ့ တအာင်းပလောင်ကျေးရွာ သူတို့အားလုံး ဝင်လာမယ်ပြောတယ် ဆရာရဲ့"
TNLA လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျေးရွာတာဝန်ရှိသူတွေကို အစည်းအဝေးခေါ်ယူခဲ့ပြီး တစ်ရွာကို သုံးယောက်ကနေ ငါးယောက်နှုန်း စစ်မှုထမ်းနိုင်ဖို့ တောင်းဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်မှုထမ်းနိုင်ဖို့ လူပေးပို့ရေးအတွက် ရွာမှာ အခက်အခဲရှိနေချိန် လက်နက်ကိုင်အဖွဲ့က ကျေးရွာတွေကို ဝင်ရောက်လာမယ်လို့ ပြောဆိုလာတာကြောင့် မနေရဲတော့ဘဲ ထွက်ပြေးကြတာလို့ ကျေးရွာသားတစ်ဦးက ထပ်မံပြောပါတယ်။
“ဒီ TNLAက စစ်သားတောင်းလာတာ အခုကျွန်တော်တို့ ဘယ်လိုလုပ်မလဲ တစ်ယောက်နဲ့တစ်ယောက် အကြံတောင်းကြည့်တာပေါ့နော့်၊ ကျွန်တော်တို့ ထည့်မလား မထည့်ဘူးလား၊ ထည့်မယ့်သူက တစ်ယောက် မှမရှိဘူး၊ ဘာကြောင့်ဆို တစ်ရွာကို လေးငါးယောက်ဆိုတော့ မဖြစ်နိုင်ဘူးလေ၊ အချိန်လဲတအားကြီးကြပ်ပေးတယ်၊ အဲဒီ နှစ်ဆယ့် ရှစ်ရက်မှာ အစည်းဝေးတက်တာ ကိုးလပိုင်း ငါးရက်မှာ စာရင်းတင်ခိုင်းတယ် ကိုးလပိုင်း ဆယ်ရက်နေ့ လူအရောက်၊ သူကြီးတွေက ဘယ်ရွာဖြစ်ဖြစ် စဉ်းစားရတာခက်တာပေါ့နော်၊ သူများပြောတာကြားရပေါ့နော် သူကြီးဟောင်းနဲ့ ဖုန်းနဲ့ပြောတာ ခင်ဗျားမလာရင် ကျွန်တော်တို့ခင်ဗျားဆီလာမှာ အဲလိုပဲစကားကြားရတာ၊ အဲတော့ လက်နက်ရှိတဲ့သူနဲ့ မရှိတဲ့သူ ကွာတာပေါ့နော့်၊ ကျွန်တော်တို့က လက်နက်မရှိတဲ့သူ ကြောက်တာပေါ့နော် ဒါကြောင့်တက်လာတာ ဒီမန်ဆူဘုန်းကြီးကျောင်းမှာပေါ့နော့်”
ရှမ်းပြည်နယ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းလိုင်း အခက်အခဲကြောင့် နယ်မြေခံတပ်တွေနဲ့ အဆက်အသွယ် မရသေးသလို ရွာသားတွေ ထွက်ပြေးကြရတဲ့အခြေအနေကိုလည်း သူ့အနေနဲ့ မသိရသေးဘူးလို့ ပြောပါတယ်။
အမျိုးသားရေးတာဝန်အရ စစ်မှုထမ်းဖို့ မူဝါဒ ချမှတ်ထားတဲ့အတိုင်း တအာင်းတိုင်းရင်းသားတွေအနေနဲ့ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFAရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။
“ပုံမှန်အားဖြင့်ကတော့ ကျွန်တော်တို့ဆီမှာ လူသစ်စုစောင်းတာပေါ့နော်၊ အိမ်မှာ ဒီသတ်မှတ်ချက် ပေါ့နော့်၊ အမျိုးသား နှစ်ယောက်ရှိရင် တစ်ယောက်ကတော့ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ မူအရတော့စုစောင်းတယ်၊ ဒါပေမဲ့ အခုဟာကတော့ မသိရသေးဘူး”
ထွက်ပြေးလာတဲ့ ရွာသားတွေဟာ လားရှိုးမြို့ နယ် မန်ဆူရှမ်းကျောင်းမှာ ခိုလှုံနေကြပါတယ်။
လားရှိုးမြို့နယ် အုပ်ချုပ်ရေး မှူး ဦးအာကာလင်းက ထွက်ပြေးလာသူတွေကို မန်ဆူဆရာတော် ဖောင်ဒေးရှင်း၊ ဌာနဆိုင်ရာတွေ၊ အရပ်ဘက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့က ကူညီနေကြတယ်လို့ ပြောပါတယ်။
“မနေ့ကတော့ သူတို့က ရှောင်ချင်တယ်ဆိုပြီး ကျွန်တော်တို့ဆီကို ဆက်သွယ်လာတာ၊ သူတို့တိုက်ပွဲဖြစ်မယ့် အခြေအနေထားလေး သတင်းရတယ်၊ သူတို့ရွာဘက်ကို ဝင်မယ်ထွက်မယ် သတင်းရပါတယ် ရှောင်ချင်ပါတယ် မြို့ပေါ်မှာ သူတို့ကို စီစဉ်ပေးပါလို့ ကျွန်တော့်ကို အုပ်ချုပ်ရေးမှူးကနေတဆင့် ဆက်သွယ်လာတော့ ဘယ်တွေကို ရှောင်ဖို့ ရောက်နေ တာတုန်းဆိုတော့ အဲအချိန်မှာ တောင်သူတို့က လွယ်လန့်ကိုရောက်နေပြီ ရှောင်လာပြီ လွယ်လန့်ကို ရောက်နေကြပြီ၊ ကျွန်တော်ကမနေ့က မန်ဆူဆရာတော်ကြီးကို လျှောက်ခိုင်းပြီးတော့ နေရာချပေးလိုက်တာပေါ့၊ ဆရာတော်ကြီးကတော့ ထုံးစံအတိုင်း ရှိရှိ မရှိရှိ ရောက်လာရင် ကျွေးမွေးစောင့်ရှောက်တာတွေ လုပ်ပေးတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ မိမိရဲ့တာဝန်အရ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ကဒီကနေ့ဆို ငွေသားနဲ့ ဆန်နဲ့ သွားထောက်ပံ့မှာ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီက မနက်ကထောက်ပံ့ခဲ့ပြီးပြီ”
ဒီကနေ့မှာတော့ ကျေးရွာတဝိုက် တပ်မတော် စစ်ကြောင်းတွေက လုံခြုံရေး ဆောင်ရွက်နေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံရွာသားတွေကတော့ လက်နက်ကိုင်အဖွဲ့တွေ ထပ်မံဝင်ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်တာတွေ မလုပ်ဖို့နဲ့ လက်ရှိမှာလည်း အမြန်ဆုံး အိမ်ပြန်နိုင်ကြဖို့ တောင်းဆိုထားပါတယ်။