မိုးအဆက်မပြတ်ရွာလို့ လောက်ကိုင် တရုတ်နယ်စပ်က ဒုက္ခသည်တွေ နေစရာအခက်တွေ့
လောက်ကိုင်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာတာကြောင့် တရုတ် - မြန်မာ နယ်စပ်စည်းမျဉ်း အမှတ် BP-125 မှာရှိတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းနီးပါး နေထိုင်စရာ အခက်အခဲ ကြုံနေရပါတယ်။
-
RFA Burmese
2023-11-19 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာ နိုဝင်ဘာလ ၁၆ ရက်ကစပြီး မိုးအဆက်မပြတ် ရွာတာကြောင့် တရုတ် - မြန်မာ နယ်စပ်စည်းမျဉ်း အမှတ် BP-125 မှာရှိတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းနီးပါး နေထိုင်စရာ အခက်အခဲ ကြုံနေရတယ်လို့ လောက်ကိုင်ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မြေပေါ်မှာပဲ ယာယီ အမိုးအကာနဲ့ နေထိုင်ကြရတာကြောင့် မိုးရွာချိန်မှာ နေထိုင်ရေး အခက်အခဲ ကြုံကြရတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့မှာ နေထိုင်သူတစ်ဦးက နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာပြီးနောက် စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေး ပိုခက်ခဲလာသလို သောက်သုံးရေလည်း ရှားနေတယ်လို့ RFA ကို ပြောပါတယ်။
“အရင်ကတည်းက နေကြတာက တဲထိုးပြီး နေကြတာ။ မိုးရွာတော့ အဆင်မပြေကြတော့ဘူး။ အဲဒီမှာ နေကြတဲ့သူတွေက မြို့ခံတွေက နည်းတယ်။ တခြားဒေသက အလုပ် လာလုပ်ကြသူတွေ များတယ်။ ရေကလည်း အဲဒီစခန်းမှာ ရှားလာတယ်။ ဒီနေ့တော့ မိုးမရွာတော့ဘူး”
လက်ရှိမှာ ဆောင်းရာသီ ၀င်လာတဲ့အပြင် မိုးပါရွာတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အအေးဒဏ်ခံနေရပြီး ရေနဲ့ လျှပ်စစ်မီးလည်း ပြတ်တောက်နေတယ်လို့ ကိုးကန့်ဒေသ သတင်းတွေကို ဖော်ပြတဲ့ KoKang News က နိုဝင်ဘာလ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။
ကိုးကန့် တပ်မတော် (MNDAA) ကတော့ လောက်ကိုင်မြို့က တရုတ်နိုင်ငံသားတွေ တရုတ်နိုင်ငံထဲ အမြန်ပြန်ကြဖို့၊ အရပ်သားတွေလည်း စစ်ကောင်စီ တပ်စခန်းတွေနဲ့ ဝေးဝေးနေဖို့၊ လောက်ကိုင်မြို့အနီးဟာ စစ်မြေပြင်ဖြစ်လို့ ကိုယ့်သဘောနဲ့ကိုယ် နေရာ မပြောင်းရွှေ့ကြဖို့ နိုဝင်ဘာလ ၁၈ ရက်နေ့က အသိပေးထားပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေသူတွေကတော့ ကုန်စီးဆင်းမှု ရပ်တန့်နေတာကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်လာပြီဖြစ်သလို နေရပ်စွန့်ခွာလို့ရအောင် မြို့အထွက်ဂိတ်တွေကိုလည်း ဖွင့်ပေးဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။