လောင်းလုံး ကညုံကျွန်းရွာဘုန်းကြီးကျောင်းက သံဃာတစ်ပါး အဖမ်းခံရ
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကညုံကျွန်းရွာ သိမ်ဂုတ္တရဘုန်းကြီးကျောင်းက ဦးဣန္ဒဝံသကို ဒီဇင်ဘာ ၁၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ရာ ဒီနေ့အထိ အဆက်အသွယ်မရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
- 2021-12-15
-
-
-
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကညုံကျွန်းရွာ သိမ်ဂုတ္တရဘုန်းကြီးကျောင်းက ဦးဣန္ဒဝံသကို ဒီဇင်ဘာ ၁၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ရာ ဒီနေ့အထိ အဆက်အသွယ်မရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၉ ရက်မှာ ရွာထဲရောက်လာပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲမယ် ပြော ပေမယ့် ဦးဣန္ဒဝံသ က လက်မခံဘဲ နောက်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးခံလိုက်ရတာလို့ ရွာသား တစ်ယောက်က ပြောပါတယ်။
"သူတို့တွေက ဘုန်းကြီးကျောင်းမှာ လာတည်းတယ်၊ လာတည်းတဲ့ အခါကျတော့ အဲဒီဘုန်းကြီးက လက်မ ခံဘူးပေါ့. သိပ်မကြည်ဘူးပေါ့.နည်းနည်းငြင်းလိုက်တာလား မသိဘူး၊ အဲဒါနဲ့ အဲဒီနေ့မှာ မဖမ်းသေးဘူး၊ နောက်နေ့မှာ လာဖမ်းသွားတယ်"
သက်တော် ၄၀ ကျော်အရွယ်ရှိတဲ့ ဦးဣန္ဒဝံသ ဟာ လက်ရှိကျောင်းထိုင်ဆရာတော်က သက်တော်ကြီး နေပြီမို့ လက်ရှိမှာ အဲဒီကျောင်းကို ဦးစီးနေတဲ့ကိုယ်တော်ဖြစ်ပါတယ်။
ဦးဣန္ဒဝံသ ဘာကြောင့်ဖမ်းဆီးခံရတယ် ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာလည်း ခုချိန်ထိ မသိရသေးဘူးလို့ ပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
အဲဒီနေ့က ဘုန်းကြီးကျောင်းမှာရှိတဲ့ မိန်းကလေး ငါးယောက်၊ ယောင်္ကျားလေး သုံးယောက်ကိုလည်း PDF တွေလို့ စွပ်စွဲအဖမ်းခံရပြီး နောက်နေ့မှာ အသက်မပြည့်သေးတဲ့ မိန်းကလေး သုံးယောက် ပြန်လွတ်လာ တယ်လို့ ပြောပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ လောင်းလုံးနဲ့ သရက်ချောင်း မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို ရွာတွေဝင်ရောက် တပ်စွဲတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကညုံကျွန်းရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး အခုလက်ရှိ စစ်သား ၁၀ ယောက်ခန့်က ရွာထဲမှာ တပ်စွဲထား တယ်လို့ ရွာသားတွေက ပြောပါတယ်။