လောင်းလုံးမှာ စစ်ကြောင်းထိုးလို့ အရပ်သားတစ်သောင်းကျော် ထွက်ပြေးနေရ
ပြီးခဲ့တဲ့လကတည်းက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်
-
RFA Burmese
2024-01-11 -
-
-
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ဒီနေ့အထိ တစ်လနီးပါးကြာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၆ ရွာက ဒေသခံ ၁၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောပါတယ်။
ပြီးခဲ့တဲ့လကတည်းက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောပါတယ်။
"ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက လောင်းလုံးမြို့က ညင်းမော်ရွာကို အကြမ်းဖက်ဝင်ရောက်စီးနင်းတယ်၊ ပြည်သူတွေအိမ်တွေကို ဖျက်စီးတယ်၊ ပြည်သူတွေပိုင်တဲ့ အဖိုးတန်ပစ္စည်းတွေယူတယ် အဲကနေစခဲ့တယ်၊ ညင်းမော်ကနေ အနီးတဝိုက်ကျေးရွာတွေကို ထွက်ပြေးရတယ်၊ အဲနောက်ပိုင်းကတည်းက အခြားရွာတွေကိုပါ စစ်ကြောင်းထိုးတာ၊ ဖျက်စီးတာတွေလုပ်ခဲ့တယ်၊ ဒီနေ့အချိန်ထိ လောင်းလုံးအောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတစ်ရာကျော် စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့တာ၊ အဖိုးတန်ပစ္စည်းတွေ ယူဆောင်တာတွေ လုပ်နေပါတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ညောပြင်ရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး မီးရှို့တာကြောင့် နေအိမ်တစ်ရာနီးပါး မီးလောက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကတစ်ဆင့် နေအိမ်စွန့်ခွာနေရတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စတွေကို ကူညီပေးနေတယ်လို့လည်း ပြောပါတယ်။
မီးရှို့ခံရတဲ့နေအိမ်တွေထိ ကွင်းဆင်းစာရင်းကောက်ယူပြီး နေအိမ်တစ်လုံးကို တစ်သိန်းကျပ် ထောက်ပံ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
နေအိမ်တွေ မီးရှို့ခံရတဲ့ ဒေသခံတွေအတွက် အကူညီတွေလိုအပ်နေပြီး ပြည်သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
အရပ်သားတွေ ထွက်ပြေးနေရတာ၊ နေအိမ်တွေမီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်းတွေ ယူသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၃ အောက်တိုဘာလကုန်ပိုင်းကနေ ၂၀၂၄ ဇန်နဝါရီ လဆန်းအထိ တနင်္သာရီတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ဆယ်ခုမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ခြောက်သိန်း ခြောက်သောင်းကျော် တိုးလာတဲ့အတွက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် နှစ်သန်းခွဲကျော် ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။