ရခိုင်အရေးဆန္ဒပြတဲ့ မန္တလေးကျောင်းသားတွေကို စွဲချက်တင်
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို့နဲ့ မြန်နှုန်းမြင့် အင်တာနက်လိုင်းရရှိဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် သုံးယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။
-
ခေမဏီဝင်း
2020-10-01 -
-
-
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေ မန္တလေးမြို့မှာ ၂၀၂၀ စက်တင်ဘာ ၁၀ ရက်နေ့က ဆန္ဒပြစဉ်
Photo: Khaymani Win / RFA
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို့နဲ့ မြန်နှုန်းမြင့် အင်တာနက်လိုင်းရရှိဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် သုံးယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ စာရွက်တွေကို လိုက်ကပ်သူ၊ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို အသိ မပေးခဲ့ဘူးလို့ ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦကျော်မျိုးဝင်းက သတင်းထောက်တွေကို ပြောပါတယ်။
“မြို့နယ်ရဲတပ်ဖွဲ့ကို အသိပေးရမဲ့ အကြောင်းအရာရှိတယ်။ အသိပေးမှု မရှိရင် ၁၉ နဲ့ စွဲရမယ့် ပြဋ္ဌာန်းချက် ရှိတယ်။ ဆန္ဒပြတဲ့အကြောင်းရာပေါ် မူတည်ပြီး စွဲတာက တစ်ပိုင်း၊ အဲဒီနောက်မှာ စတစ်ကာ ကပ်တယ်။ နောက် ဈေးချိုနာရီစင်နားမှာ အဝတ်စပေါ်စာရေးပြီး ဆန္ဒပြတယ်။ အဲဒါတွေပါ"
တရားစွဲဆိုခံရတဲ့ ဗကသကျောင်းသားတွေဖြစ်တဲ့ ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုရဲရင့်အောင် တို့က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။
တရားရုံးမှာ ရဲတပ်ဖွဲ့လုံခြုံရေး တင်းကျပ်စွာချထားပြီး သတင်းသမားတွေကို မေးမြန်းခွင့်၊ တရားခွင်အတွင်း ဝင်ရောက်နားထောင်ခွင့်တွေ ကန့်သတ်ခဲ့ပါတယ်။
ဒီကနေ့ အမှုနှစ်ခု စစ်ဆေးခဲ့ပြီး တရာလိုကတော့ ရဲမှူးဇော်မိုးအောင် ဖြစ်ပါတယ်။
စတစ်ကာကမ်ပိန်း လုပ်ဆောင်မှုအတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)၊ အဝတ်စပေါ်မှာ စာရေးပြီး ဈေးချိုနာရီစင်အနီး ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (ခ) တို့နဲ့ စွဲဆိုတာ ဖြစ်ပါတယ်။
စွဲဆိုခံထားရသူတွေထဲက တဦးဖြစ်တဲ့ ကိုစိုးလှနိုင်ကတော့ သူတို့က ငြိမ်းချမ်းရေးကို တောင်းဆိုတာဖြစ်ပြီး သူတို့ကို မြို့နယ်တချို့မှာ အလားတူ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။။
နိုင်ငံတော်ကိုလည်း ပုန်ကန်နေတာ မဟုတ်လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ချက်ခြင်းလွတ် ပေးသင့်တယ်လို့ ဗကသ အဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။
“ကျောင်းသားတွေ ဆန္ဒပြတာကို ထောက်ခံတယ်။ တကယ်လည်းရခိုင်မှာ ထိခိုက်ခံစားနေရတာဖြစ်တယ်။ နိုင်ငံတော်ကသိပြီး ဆင်ခြင်လို့ရအောင် အသိပေးတဲ့သဘောပါ။ ဒါကို ဖမ်းတယ်ဆိုတာ မတရားတဲ့ကိစ္စပါ။ ကျောင်းသားတွေကိုလည်း လွှတ်ပေးသင့်ပြီး သူတို့တောင်းဆိုတာကိုလည်း ဆင်ခြင်သုံး သပ်ပေးပါ"
ဗကသ ကျောင်းသား ၁၃ ယောက်ဟာ ပြီးခဲ့တဲ့ လ ၁၀ ရက်နေ့က မန္တလေးမှာ လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ နဲ့လည်း အမှုဖွင့်ခံထားရပါတယ်။
ရန်ကုန်အခြေစိုက် အသံအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ ပလက်ဝတို့မှာ အင် တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့သူ ၅၂ ဦး အရေးယူခံထားရတယ်လို့ ဖော်ပြထားပါတယ်။