ရှေ့နေ ဦးမြင့်အေး ပြည်မြို့မှာ တစ်ကိုယ်တော်ဆန္ဒပြ
ပြည်အကျဉ်းထောင်ကနေ ပြီးခဲ့တဲ့လပိုင်းက ပြန်လွတ် လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးမြင့်အေး ဟာ ပြည်မြို့မှာ ဒီကနေ့ တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။
-
2015-09-10 -
-
-
ပြည်အကျဉ်းထောင်ကနေ ပြီးခဲ့တဲ့လပိုင်းက ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေ ဦးမြင့်အေးဟာ ပြည်မြို့မှာ ဒီကနေ့ တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။
ဒီနေ့ဟာ လက်ပံတန်းမှာ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံရတဲ့ ၆ လပြည့်မြောက်တဲ့နေ့ဖြစ်တဲ့အတွက် ဖမ်းဆီးထိမ်းသိမ်းခံထားတဲ့ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ တရားရေးဌာနမှာ စစ်ဖက်ဆိုင်ရာအရာရှိတွေ ခန့်အပ်တာကို ပြန်လည်ရုပ်သိမ်းပေးဖို့အတွက် ဆန္ဒပြတောင်းဆိုတာလို့ ရှေ့နေ ဦးမြင့်အေးက RFA ကိုပြောပါတယ်။
"လက်ပံတန်းမှာ ကျောင်းသားတွေကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းတဲ့ ၆ လပြည့်နေ့ပေါ့၊ ကျနော်က ကျောင်းသားတွေကို လွှတ်ပေးဖို့ ကျောင်းသားအလံကိုင်ပြီး တစ်ကိုယ်တော်ဆန္ဒပြတယ်၊ နောက် ရန်ကုန်တရားလွှတ်တော်မှာ စစ်တပ်ဘက်က လွှတ်လိုက်တဲ့ အယောက် ၂ဝ ဆိုတာကို အဝါရောင်ဖဲပြားကို အကြီးကြီးနှစ်ခုလုပ်ပြီး အနောက်တစ်ခု အရှေ့တစ်ခုနဲ့ တရားရုံးကိုပတ်တယ် ပြည်ခရိုင်တရားရုံးရှေ့မှာ ဆန္ဒပြတယ်၊ နောက်ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့အမတ်အားလုံးဟာ ကျောင်းသားတွေ တက်ကြွလှုပ်ရှားသူတွေ ဖမ်းခံနေရတာကို တစ်ခွန်းမှမပြောတာကို ကျနော်မေးခွန်းထုတ်ချင်တယ်"
ဦးမြင့်အေးဟာ လယ်ယာမြေအသိမ်းခံထားရတဲ့ တောင်သူလယ်သမားတွေကိစ္စ၊ ဖမ်းဆီးခံနေရတဲ့ကျောင်းသားတွေ နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေကိစ္စတွေကိုလည်း ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။ ဒီနေ့ဆန္ဒပြပွဲကို တစ်ကိုယ်တော်ပြုလုပ်တာဖြစ်တဲ့အတွက် ခွင့်ပြုချက်မတင်ခဲ့ဘူးလို့ ဆိုပါတယ်။