ကရင်နီလူငယ်တွေကို ထောက်ခံသူ ၉ ဦး ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲခံရ
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြတာကို ဦးဆောင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ယောက်ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ကျောက်တံတားမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
-
2019-02-14 -
-
-
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြတာကို ဦးဆောင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ယောက်ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
ဆန္ဒပြသူတွေဟာ ရားဝင်ခွင့်ပြုမိန့် မတင်ခဲ့တာကြောင့် အမှုဖွင့်အရေးယူလိုက်တာဖြစ်ကြောင်း ကျောက်တံတား မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဦးကိုထွန်းက RFA ကို ပြောပါတယ်။
ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ မအိသဉ္ဇာမောင်၊ ကိုမိုဃ်းသွေး၊ ကိုတင်ထွဋ်ပိုင်နဲ့ ကိုသက်ဆွေဝင်း တို့အပါအဝင် ၉ ယောက် ကို တရားစွဲဆိုထားကြောင်း ရဲစခန်းဘက်က ဖုန်းနဲ့အကြောင်းကြားခဲ့ပေမဲ့ တရားဝင် အကြောင်းကြားစာ ရောက်မလာသေးတဲ့လူတချို့လည်း ရှိနေသေးကြောင်း မအိသဉ္ဇာမောင် က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ လွိုင်ကော်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဘက်က ရာဘာကျည်သုံး ဟန့်တားခဲ့တာကြောင့် အလျင်အမြန် ပြန်လည်တုံ့ပြန်ဖို့ လိုအပ်တာကြောင့် ချက်ခြင်းဆန္ဒပြခဲ့ရတာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ မသဉ္ဇာရွှန်းလဲ့ရည် က ပြောပါတယ်။
ဒါ့အပြင် လက်ရှိပြဌာန်းထားတဲ့ဥပဒေအရ ဆန္ဒပြပွဲတွေကို ၄၈ နာရီကြိုပြီး ခွင့်ပြုမိန့်တင်ရမယ်ဆိုတာဟာ အလျင်အမြန်ပြန်လည်တုံ့ပြန်ရမယ့် လှုပ်ရှားမှုတွေကို ဘယ်လိုပုံစံဆောင်ရွက်ရမယ်ဆိုတာ ဥပဒေမှာ တရားဝင်ပြဋ္ဌာန်းပေးဖို့ လိုနေပြီလို့လည်း မသဉ္ဇာရွှန်းလဲ့ရည် က ပြောပါတယ်။
လွိုင်ကော်မှာ ဆန္ဒပြသူတွေကို မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ရာဘာကျည်သုံး ဟန့်တားခဲ့တာကြောင့် လူ ၂၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ အဲဒီလုပ်ရပ်ကိုကန့်ကွက်ကြောင်း ရန်ကုန်မြို့မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၃ဝ ကျော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။