လိုင်စင်သိမ်းခံ ရှေ့နေများ လိုင်စင် ပြန်ရရေး လျှောက်ထားကြမည်

မြန်မာနိုင်ငံမှာ နိုင်ငံရေးထဲ ပါဝင်လို့ ထောင်ဒဏ် ချမှတ်ခံရတဲ့အပြင် လိုင်စင်တွေပါ ရုပ်သိမ်းခံရတဲ့ တရားရုံးချုပ်ရှေ့နေ (၂၁) ဦးက နှစ်ပေါင်းများစွာ အပိတ်ခံထားရတဲ့ ရှေ့နေအဖြစ် အသက် မွေးဝမ်းကျောင်းခွင့်ကို ပြန်ပြီး ခွင့်ပြုပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ကို တင်ပြလျှောက်ထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်း။ (Photo:RFA) (Photo:RFA)

ဒီကိစ္စကို ဆောင်ရွက်နေတဲ့ ရှေ့နေကွန်ယက် အဖွဲ့က ဦးဆောင်သူလည်းဖြစ် ဥပဒေ အတိုင်ပင်ခံလည်း ဖြစ်တဲ့ ဦးအောင်သိန်းက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။

"ကျနော်တို့က ဗဟိုတရားရုံး ရှေ့နေပေါ့ဗျာ။ မဆလခေတ် ကတည်းက ထုတ်ထားတာတွေ၊ အဲဒါတွေက ကျနော်တို့ ဒီဘက် ၈၈- ၉၀ နောက်ပိုင်းမှာ ထောင်တွေကျပေါ့ဗျာ။ ထောင်က ထွက်လာတော့လည်း လိုင်စင်တွေ အသိမ်းခံရတယ်။ ကျနော်တို့ လက်လှမ်းမီသလောက် စာရင်းကောက်လို့ရတဲ့ အတိုင်းအတာ အရပေါ့။ ကရင်၊ ကချင်ပြည်နယ်တွေမှာလည်း ရှိချင်ရှိမယ်။ ကျနော်တို့ ဘယ်လိုမှ အဆက်အသွယ် လုပ်လို့ မရဘူးလေ။ အဲဒါကို ပြည်ထောင်စု တရားလွှတ်တော်မှာ ကျနော်တို့ လျှောက်ဖို့ အစီအစဉ်ရှိပါတယ်။"

လိုင်စင်ရုပ်သိမ်းခံရတဲ့ တရားရုံးချုပ်ရှေ့နေ(၂၁) ဦးထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး အပါအဝင် အများစုဟာ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ဒါအပြင် အန်အယ်လ်ဒီ ဥပဒေ အကြံပေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန် တို့လည်း ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org