ဧရာဝတီမြစ်ဆုံကို လာရောက်လည်ပတ်သူ နည်းပါးလာ
မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ဆုံကို စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လာရောက် လည်ပတ်သူတွေ နည်းပါးလာပါတယ်။
- 2022-01-18
-
-
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ဆုံကို စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုင်း ခရီးသွားတွေ လာရောက်လည်ပတ်သူ နည်းပါးလာပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကနေ ခရီးသွားသူတွေ မလာကြတော့လို့ အခုဆိုရင် တစ်နေ့ ဆယ်ယောက်တောင် မပြည့်ဘူးလို့ မြစ်ဆုံဒေသမှာ ဈေးရောင်းသူတစ်ဦးက ပြောပါတယ်။
"ကျမတို့ဆိုင်တွေ ဈေးဦးမပေါက်တဲ့နေ့တောင်ရှိတယ်၊ အရင်လို စည်စည်ကားကား မရှိတော့ အရင်က မြစ်ဆုံကို လွမ်းတယ်၊ လမ်းမှာလည်း စစ်းဆေးတာတွေရှိလို့ မလာ ကြတော့တာ၊ ဈေးမရောင်းရရင်နေပါစေ အရင်လို စည်စည်ကားကားရှိခဲ့တဲ့ မြစ်ဆုံကို ပြန်လိုချင်တယ်"
မေခနဲ့ မလိခ မြစ်နှစ်ခုပေါင်းဆုံထားတဲ့ ဧရာဝတီမြစ်ဆုံဟာ မြစ်ကြီးနားမြို့ကနေ ၂၆ မိုင် အကွာမှာရှိပြီး အရင်နိုင်ငံရေး ကောင်းစဉ်ကာလက နေ့စဉ် လူတစ်ရာနီးပါး လာရောက် လည်ပတ်ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်ထက် ကာလအတွင်း မြစ်ဆုံအထက်ပိုင်းမှာ စက်ယန္တာရားတွေ နဲ့ တရားမဝင် အကြီးစား ရွှေတူးဖော်နေတာတွေနဲ့ ဒေသခံတွေကလည်း တစ်ပိုင်တစ်နိုင် ရွှေတူးဖော်နေကြလို့ မြစ်ဆုံရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ပိုများလာတယ်လို့ ဆိုကြပါတယ်။
လီဆူး၊ ရဝမ်နဲ့ ဂျိန်းဖော စတဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဝတ်စုံတွေဝတ်ဆင်ရင်း မြစ်ဆုံမှာ အလှဓာတ်ပုံရိုက်တာတွေ၊ မြစ်ဆုံဒေသထွက် အစားအသောက်တွေက ခရီးသွားတွေကြားမှာ ရေပန်းစားခဲ့တယ်လို့ ပြောကြပါတယ်။