လက်ပံတန်းမှာ စစ်မှုထမ်းဖို့ကူညီနေသူ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
လက်ပံတန်းမြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို စစ်မှုထမ်းဖို့လူသစ်စုဆောင်းရာမှာ ကူညီနေလို့ဆိုပြီး ပဲခူးအခြေအစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုက ဇွန် ၇ ရက်မှာ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-06-08 -
-
-
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် မင်းရပ် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို စစ်မှုထမ်းဖို့လူသစ်စုဆောင်းရာမှာ ကူညီနေလို့ဆိုပြီး ပဲခူးအခြေအစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုက ဇွန်လ ၇ ရက်နေ့မှာ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ် ထိပ်ကြီး (ခ) ကိုသက်ဆိုသူကို ကာကွယ်ရေးတပ်ဖွဲ့က အုပ်ချုပ်ရေးရုံးထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဟာ ပြည်သူ့စစ်ခေါင်းဆောင်လည်း ဖြစ်သလို စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေသူလည်း ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူက ပြည်သူ့စစ်ခေါင်းဆောင်ဆိုလည်း ဟုတ်တယ်။ ရပ်ကွက်အတွင်းမှာလည်း လူသစ်စုဆောင်းတာကို အဓိက ဦးဆောင်နေတာ။ သူကြောင့်ပဲ ရပ်ကွက်ထဲကလူငယ်တွေ တိမ်းရှောင်နေရတာ။ သူကြောင့် လူသစ်စုဆောင်းတဲ့ အထဲပါသွားတဲ့ သူတွေလည်းရှိတယ် "
ဒီကိစ္စကို ပဲခူးတိုင်းအခြေစိုက် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သူတို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းက မြို့နယ်အများစုမှာ စစ်မှုထမ်းအပတ်စဉ် (၂) အတွက် အမျိုးသားအများစု လူသစ်စုဆောင်းခံခဲ့ရပြီး နောက်အပတ်စဉ်အတွက်လည်း လူသစ်စုဆောင်းတာနဲ့ နာမည်စာရင်းကောက်တွေ ခပ်စိပ်စိပ်လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီးဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
RFA က ကောက်ယူထားတဲ့စာရင်းတွေအရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းတဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ကနေ မေလ ၈ ရက်အထိ သုံးလနီးပါးအတွင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လို့ဆိုပြီး နိုင်ငံတစ်ဝန်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၆၆ ဦး သတ်ဖြတ်ခံထားရပါတယ်။