မြန်မာစစ်သားတွေ လာပြီးပူးပေါင်းဘို့ KIO ကချင်တပ်က စာဖြန့်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က အစိုးရတပ်တွေကို မိမိတို့နဲ့ ပူးပေါင်းကြဖို့ စာတစောင် ဒီကနေ့ ထုတ်ပြန်ပြီး အစိုးရ တပ်စခန်းတွေ ရှိတဲ့ နေရာတွေကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က အစိုးရတပ်တွေကို မိမိတို့နဲ့ ပူးပေါင်းကြဖို့ ၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ RFA

အဲဒီစာတွေမှာ တပ်မတော်သားများသို့ လို့ ခေါင်းစီးတပ်ထားပြီး အချက် ၆ ချက်ကို ဖေါ်ပြထားပါတယ်။ အဓိက အချက်က တပ်မတော်သားတွေ အနေနဲ့ စစ်ပွဲမှာ ပါဝင်လိုခြင်းမရှိဘဲ ပါဝင်နေရတာကို ဖေါ်ညွန်း ရေးသားထားတာ ဖြစ်တယ်လို့ KIO အဖွဲ့ ပြောခွင့်ရ ဦးလနန်းက RFA ကို ပြောပါတယ်။

"အဲဒီမှာ တိုက်ပွဲဝင်ကြမဲ့ ရဲဘော်တွေက သူတို့ရဲ့ သဘော ဆန္ဒအလျှောက် ရှေ့တန်းသွားကြတာ မဟုတ်ဘူးလေ။ သူတို့ရဲ့ ဇနီး သားသမီးတွေကို နောက်တန်းမှာ ချန်ထားပြီးတော့ တိုက်ချင် ခိုက်ချင်လို့ လာကြတာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ အဲဒီ တပ်ဖွဲ့တွေ အနေနဲ့ ကျနော်တို့ KIA တပ်ဖွဲ့တွေနဲ့ လာပြီး ပူးပေါင်းချင်တယ် ဆိုလို့ရှိရင်၊ ဒါမှမဟုတ် ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ခိုက်ရင်း သူတို့ဖက်က လက်နက်ချလာတာမျိုး လုပ်လာမယ် ဆိုရင်တော့ ကျနော်တို့ဖက်က နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနဲ့ အညီ အားလုံးကို လက်ကမ်းကြိုဆိုမယ် ဆိုတဲ့ သဘောထားပါ။"

ထုတ်ပြန်တဲ့ စာတွေကို ဒီကနေ့အစိုးရတပ်သားတွေ သွားတတ် လာတတ်တဲ့နေရာတွေမှာ ဖြန့်ဝေလိုက်တယ်လို့ ဦးလနန်းက ပြောပါတယ်။

မနေ့ ညနေပိုင်းက စပြီး တာဆန်း ရေကာတာ တဝိုက်နဲ့ KIA တပ်ရင်း အမှတ် ၁၅ ပတ်ဝန်းကျင်မှာ သေနတ်သံနဲ့ လက်နက်ကြီးပေါက်ကွဲသံတွေ မကြားရဘူးလို့ သိရပါတယ်။

ဒါပေမဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွင်းရှိ ကျေးရွာတွေက ဒေသခံတွေ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးလျှက် ရှိရာမှာ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ဒုက္ခသည် ၁၀၀၀ လောက် ရောက်ရှိလာတယ်လို့ ဦးလနန်းက ပြောပါတယ်။ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ဖွဲ့စည်းထားတဲ့ ဒုက္ခသည် ကူညီရေး အဖွဲ့ဝင်တွေက နေရာချထားပြီး အစီအစဉ်တွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မနေ့ ညက လိုင်ဇာမြိူ့ကို အစိုးရတပ်က ထရပ်ကား ၆ စီး နဲ့ ဦးတည် လာရောက် နေရာ KIO က လမ်းမှာ တံတား ချိုးထားတဲ့ အတွက် ရှေ့ကိုဆက်မလာနိုင်ဘူးလို့ ဆိုပါတယ်။

KIO အနေနဲ့ ခုခံ ကာကွယ်စစ် ဆင်နွဲဘို့ တပ်မဟာများကို ညွန်ကြားချက် ထုတ်ပြန်ထားရာမှာ ကချင် ပြည်နယ် အနှံ့ ခုခံစစ်အရ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက် ထားတယ်လို့ သိရပါတယ်။ နောက်ဆုံးရရှိတဲ့ တိုက်ပွဲ အခြေအနေများကို ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org