နေပြည်တော် လယ်ဝေးမြို့က စစ်တပ်စစ်ဆေးရေးဂိတ် ဗုံးကွဲ
နေပြည်တော်၊ လယ်ဝေးမြို့အဝင် မီးပွိုင့်နားက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၂၀ ရက် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-09-20
-
-
-
နေပြည်တော်၊ လယ်ဝေးမြို့အဝင် မီးပွိုင့်နားက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၂၀ ရက် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဗုံးပေါက်တာလို့ ကြားတယ်၊ လုံခြုံရေးတွေများနေတော့ သွားမကြည့်ရဲလို့ ပြန်လှည့်လာခဲ့တာ" လို့ အနီးအနားမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
လက်ရှိ အဲဒီစစ်ဆေးရေးဂိတ်နဲ့ အနီးတစ်ဝိုက်ကို လုံခြုံရေးတွေ တိုးမြှင့်ထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာ တွေ့ခဲ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) အဖွဲ့ကတော့ ဒီကနေ့ မနက်ပိုင်း အဲဒီစစ်ဆေးရေးဂိတ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) နဲ့ နှစ်ဖွဲ့ပေါင်းကာ ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲသုံးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ရုံးတွေစိုက်ရာ နေပြည်တော်မှာ အခုလို ဗုံးခွဲတိုက်ခိုက်ခံရတဲ့အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာက စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ် တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) အဖွဲ့က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ် ခဲ့တာကြောင့် ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့ပါတယ်။