ဒေသခံတွေကို ခြိမ်းခြောက်တဲ့ သစ်မှောင်ခိုသမားတွေကိစ္စ သမ္မတအထိ တိုင်မယ်
2016.11.05

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဘူးထောင့်ကမ်းခြေတံငါစုရွာက ဒေသခံတွေကို လက်နက်ကိုင်ဆောင်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ သစ်ခိုးထုတ်သူတွေကို တိုင်းဒေသကြီးအစိုးရက အရေးမယူရင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြားသွားမယ်လို့ ထားဝယ် တိုင်းရင်းသားပါတီ ဥက္ကဌက ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်တိုင်းရင်းသားပါတီက ထုတ်ပြန်ချက်ထုတ်တာဟာ အထောက်အထားခိုင်လုံလို့ ထုတ်ပြန်တာဖြစ်ပြီး တိုင်းအစိုးရကအရေးမယူရင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ စာပို့သွားမယ်လို့ ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဌ ဦးအေးမင်းက ပြောပါတယ်။
ထုတ်ပြန်ချက်က သက်သေအထောက်အထား အတိအကျရှိလို့ထုတ်တာ၊ အဲဒီမှာ လောင်းလုံ မြို့နယ် ရဲကိုယ်တိုင်ကလည်း အဲ့နေရာမှာ သူတို့က သစ်ခိုးထုတ်မှုရှိတယ်လို့ လက်ခံထားတယ်၊ တိတိကျကျ ငါတို့မှာ သက်သေအခိုင်အလုံရှိတယ်၊ အဲဒါကြောင့် ငါတို့ထုတ်ပြန်ချက်ကို ပြန်ပြင်မှာလည်းမဟုတ်ပါဘူး၊ အရေးယူဆောင်ရွက်ခြင်း မရှိဘူးဆိုတဲ့အခါကျ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေဆီ စာရေးပို့မယ်"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က ထားဝယ်တိုင်းရင်းသားများပါတီကနေ လောင်းလုံမြို့နယ် ဘူးထောင့် ကမ်းခြေက နေထိုင်တဲ့တံငါသည်တွေကို တရားမဝင်လက်နက်တွေကိုင်ဆောင်ပြီး သစ်ခိုးထုတ်တဲ့သူတွေက အသက်အန္တရာယ် ခြိမ်းခြောက်နေတာကြောင့် အရေးယူပေးဖို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်ကြောင့် တနင်္သာရီတိုင်းဒေသကြီး ရဲမှူးကြီးဦးနေမျိုးက ထားဝယ်တိုင်းရင်းသားများပါတီ ထုတ်ပြန် သလို လက်နက်ကိုင်ခြိမ်းခြောက်တာ မတွေခဲ့ရဘူးလို့ သူတို့ကိုယ်တိုင် သွားရောက်မေးမြန်းထားတယ်လို့ RFA က မေးမြန်းတာကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီဘူးထောင့်ကမ်းခြေမှာ တံငါအလုပ် လုပ်ကိုင်နေတဲ့ ရေလုပ်သားမိသားစု ၃ဝ ကျော်ရှိပြီး ဒီလက်နက်ကိုင်တွေ ခြိမ်းခြောက်တာကြောင့် တချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထားဝယ်တိုင်းရင်းသားပါတီ ဥက္ကဌ က ပြောပါတယ်။