လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး တစ်ဈေးလုံးနီးပါး မီးလောင်ပျက်စီး
လွိုင်ကော်မြို့ရဲ့ အဓိကဈေးကြီးဖြစ်တဲ့ သီရိမင်္ဂလာဈေးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် တစ်ဈေးလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
-
RFA Burmese
2023-12-10 -
-
-
ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့ရဲ့ အဓိကဈေးကြီးဖြစ်တဲ့ သီရိမင်္ဂလာဈေး (အရပ်အခေါ် တောင်ဈေး) ထဲကို ဒီဇင်ဘာ ၁၀ ရက်ဒီနေ့ မနက်အစော ၁ နာရီခန့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် တစ်ဈေးလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီအထိ မီးမငြှိမ်းနိုင်သေးဘဲ ဆက်လက်လောင်ကျွမ်းခဲ့တာကြောင့် ဈေးရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဒီအကြောင်းကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ လွိုင်ကော် ဒေသခံတစ်ဦးက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးလောင်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“ညတစ်နာရီလောက်က လောင်တာ။ မနက်ကို ၆ နာရီထိကို မငြိမ်းသေးဘူးပဲ။ လက်နက်ကြီးကျပြီး စလောင်တယ်လို့တော့ သိတယ်။ ဈေးရဲ့အနီးက ကမ္ဘောဇဘဏ်ထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်။ ခလရ (၅၄) နဲ့ တပ်နဲ့ စစ်ဆေးရုံလည်း ဈေးအနီးမှာရှိတယ်။ ကလေးတွေက PDF ပေါ့ သူတို့က မင်္ဂလာရပ်ကွက်ထဲမှာ နေရာယူထားတော့ မင်္ဂလာရပ်ကွက်ကို ပစ်တာရှိတယ်။ အဲမှာတိုက်ပွဲဖြစ်တာရှိတယ်။ PDF ရှို့တာတော့ လုံးဝမဟုတ်ပါဘူး”
အဲဒီဈေးမှာ အထည်ဆိုင်နဲ့ စားသောက်ကုန်ပစ္စည်းဆိုင်တွေ အများအပြားရှိပြီး ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေ ပါရှိနေတာကြောင့် မီးလောင်လွယ်တာလို့ ကရင်နီ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အထည်ဆိုင်နဲ့ စားသောက်ကုန်ဆိုင်တွေပိုများတယ်။ ကိုးဆယ်ရာခိုင်နှုန်းကတော့ မီးလောင်ပျက်စီးသွားတာပေါ့။ KNDF က ရှို့တယ်ဆိုပြီး လိုင်းပေါ်မှာ ပြောနေကြတာ ရှိတယ်။ မြေပြင်အခြေအနေက မဖြစ်နိုင်ဘူး။ အဲဒီဈေး ပတ်ပတ်လည်မှာက စကစကပဲ တပ်စွဲနေရာယူထားတာ။ ဘဏ်တွေမှာရော၊ အမြောက်တပ်နဲ့ တပ်တွေရောရှိတယ်။ ဘဏ်တွေပေါ်မှာ တပ်စွဲထားတာရှိတယ်။ ဒီတော့ KNDF ရှို့ဖို့ကတော့ မဖြစ်နိုင်ဘူး။ တိုက်ပွဲအရင်ဖြစ်ပြီးမှပဲ ရှို့လို့ရမယ်လို့ ထင်တယ်။ တိုက်ပွဲကလည်း မြို့လယ်လောက်မှာ ဖြစ်နေတာလေ”
စစ်ကောင်စီဘက်က လွိုင်ကော်မြို့ကို လေကြောင်းကနေ အပြင်းအထန်ပြန်ထိုးစစ် ဆင်နေသလို ဒီဇင်ဘာ ၉ ရက်ညနေပိုင်းကစပြီး တစ်နာရီခြားတစ်ခါ ဂျက်တိုက်လေယာဉ်နဲ့ ဆယ်ကြိမ်နီးပါး ဗုံးကြဲတဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဒါ့အပြင် ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် (ကရင်နီပြည်) ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီတပ်ကို ထောက်ခံသူတချို့ကတော့ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးကို KNDF က မီးရှို့ဖျက်ဆီးသွားတယ်လို့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကတစ်ဆင့် စွပ်စွဲပြောဆိုနေတာ တွေ့ရပါတယ်။
ကရင်နီအဖွဲ့တွေရဲ့ တစ်လေးလုံးစစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်နဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။