ရှမ်းပြည်နယ်တောင်ပိုင်းရောက် လွိုင်ကော် စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်
ဇန်နဝါရီ ၈ ရက်နေ့ကတည်းက မြို့ပြတိုက်ပွဲတွေ စတင်လာတဲ့ ကယားပြည်နယ် မြို့တော် လွိုင်ကော်မှာ ဇန်နဝါရီ ၁၂ ရက် မနေ့ကထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်း ထန်နေတာကြောင့် လူဦးရေ ငါးသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-13
-
-
-
ဇန်နဝါရီ ၈ ရက်နေ့ကတည်းက မြို့ပြတိုက်ပွဲတွေ စတင်လာတဲ့ ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ဇန်နဝါရီ ၁၂ ရက် မနေ့ကထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လူဦးရေ ငါးသောင်းကျော် ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့မနက်ပိုင်းက လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ လွိုင်ကော်အကျဉ်းထောင်ကို ကရင်နီကာကွယ်ရေးတပ် တွေက ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်တပ်ဘက်ကလည်း လေကြောင်း ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး အင်အားသုံးနှိမ်နင်းတာကြောင့် အနီးအနားမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီပစ်ခတ်မှုအတွင်း အကျဉ်းထောင်ဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားသလို စစ်ကောင်စီဘက်ကလည်း PDF တွေဟာ အကျဉ်းထောင် ပွင့်ထွက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်တိုက်ခိုက်ခဲ့တာကြောင့် သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ပေါ်က လူဦးရေ ခြောက်သောင်းကျော်အနက် ငါးသောင်းကျော်လောက် ဟာ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေ၊ အောင်ပန်း စတဲ့မြို့တွေဆီ ထွက်ပြေးသွားတာပါ။
လောလောဆယ် လွိုင်ကော်မြို့ပေါ်မှာ မူလလူဦးရေရဲ့ ဆယ်ပုံတစ်ပုံလောက်သာ ကျန်တော့ပြီး သူတို့အားလုံးလည်း အရေးပေါ် ပြောင်းရွှေ့ဖို့ ပြင်နေတယ်လို့ လွိုင်ကော်မြို့သား စိုင်းရွှေခမ်း က ပြောပါတယ်။
“လူတိုင်းပြေးနေတာဆိုတော့ ကိုယ်လည်းပြေးချင်တာပေါ့။ ပစ္စည်းတွေအများကြီး ကျန်နေသေးတယ် အကုန်မသယ်နိုင်သေးဘူး။ အကုန်လုံးကလည်း နိုင်သလောက်သယ်နေကြတာပဲ။ လွိုင်ကော်ကနေ ထွက် သွားတယ်ဆိုတာပဲရှိတယ် ဝင်လာတယ်ဆိုတာကို မရှိဘူးဗျာ။ အစောင့်တောင်မှ မရှိတဲ့သူများတယ်ဗျ။ ပြေးတဲ့သူလည်း သောကတွေနဲ့ ကျွန်တော်တို့ ထိုင်ကြည့်တဲ့သူလည်း သောကတွေနဲ့ပဲ အကုန်လုံးက ပျာတလူးခါနေတဲ့ မျက်နှာတွေနဲ့ပေါ့။ ကိုယ်ကလည်း ကြည့်သာကြည့်နေရတာ သူတို့ကိုကြည့်ရင် ကိုယ် လည်း ပျာယာခတ်ပြီး မျက်ရည်လည်းထွက်နေပြီ။ သူတို့ကိုကြည့်လိုက် ဝမ်းနည်းလိုက် သူတို့လည်း ကိုယ့်ကိုကြည့်လိုက် ဝမ်းနည်းလိုက်နဲ့ ပြုံးတယ်ဆိုတာကတော့ ကယားပြည်နယ်သားတွေမှာ မရှိတော့ ဘူးလို့ ထင်တယ်”
ရှမ်းပြည်တောင်ပိုင်းကို ထွက်ပြေးသွားသူ ငါးသောင်းကျော်အနက် ဆီဆိုင်မြို့နယ်ကို ၃၀၀၀ ကျော်၊ ညောင်ရွှေကို ငါးရာခန့်နဲ့ တောင်ကြီးမြို့ပေါ်ကို ရာဂဏန်းနီးပါး ရောက်လာပေမဲ့ ကျန်သူတွေ ဘယ်ဒေသ ဘယ်နေရာမှာ ခိုလှုံနေတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ လတ်တလော ကူညီပေးနေသူတွေက ပြောပါတယ်။
ဆီဆိုင်မြို့နယ်ကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်အနက် ၁၅၀၀ ဝန်းကျင်ကို ဆီဆိုင်မြို့ ပေါ်က မြကန်သာရပ်ကွက်က စာသင်တိုက်၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ စတဲ့နေရာတွေမှာ စီစဉ်ပေးထား တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆီဆိုင်မြို့ ဇဝနရာမစာသင်တိုက်က ဦးဇင်းသုဝဏ္ဏက မိန့်ကြားပါတယ်။
ကျန် ၁၅၀၀ ကျော်ကတော့ ဆီဆိုင်မြို့နယ်ထဲက ဆိုက်ခေါင်စံပြကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခိုလှုံနေပြီး၊ ထွက်ပြေးလာသူတွေ တိုးလာတာကြောင့် နေရာထိုင်ခင်းတွေ ထပ်မံ စီစဉ်နေရတယ်လို့ ဆိုက်ခေါင်ဒေသ မေတ္တာရောင်ပြန်ပရဟိတ သွေးလှူရှင်အသင်းက ကိုသန်းရွှေက ပြောပါတယ်။
“စစ်ဘေးရှောင်အတွက်လေ ကျွန်တော်တို့ခန့်မှန်းထားတဲ့ လူပမာဏထက်များလာတော့ နေစရာ အခက် အခဲရှိလာတယ်ပေါ့နော်။ ဒီရာသီက အေးတော့ တချို့စောင်တွေ အနွေးထည်တွေ မပါလာတော့ စောင်တွေ အနွေးထည်တွေ လိုအပ်တယ်ဗျ။ လူ ၁၅၀၀ ကျော်လာတော့လေ ကျွန်တော်တို့ နေ့စဉ် စားရေးသောက်တာ တွေမှာတော့ အခက်အခဲရှိလာနိုင်တယ်ဗျ။ ဆိုက်ခေါင်မှာ ကျွန်တော်တို့ကော်မတီဖွဲ့ပြီး စလက်ခံတဲ့ မနေ့ ကတစ်ရက်ထဲမှာကို လူက ငါးရာကျော် တိုးလာတယ်။ တခြားအိမ်တွေမှာ ငှားနေတာတွေကော အများက သတ်မှတ်ထားတဲ့နေရာတွေမှာကော လူကနေ့စဉ်တိုးနေတယ် ထပ်ပြီးတော့လည်း တိုးလာနိုင်တယ်ဗျ”
ဒုက္ခသည်တွေဟာ ဆီဆိုင်-တောင်ကြီး ကားလမ်းဘေးမှာရှိတဲ့ ဘန်းရင်၊ ဆိုက်ခေါင်၊ နောင်မွန်၊ ဟိုပုံး စတဲ့ကျေးရွာနဲ့ မြို့နယ်တွေကိုလည်း ရောက်လာပြီး လတ်တလောမှာ အရေအတွက်အတိအကျရဖို့ စားရင်ပြုစုနေရဆဲလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း နောင်တရား၊ ပင်လောင်း၊ အောင်ပန်း၊ ကလော၊ ညောင်ရွှေ၊ အင်းလေး စတဲ့မြို့နယ် တွေကိုလည်း လွိုင်ကော်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေ တဖွဲဖွဲရောက်လာနေတယ်လို့ အောင်ပန်းမြို့က ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုကျွန်မတို့ ဒီနေ့သွားတဲ့ခရီးစဉ်ကို ပြောပြမယ် အခါတိုင်းဆိုရင် လွိုင်ကော်ကနေ မိုးဗြဲကို လာတယ်။ မိုးဗြဲကနေ အောင်ပန်းပေါ့နော်။ အောင်ပန်းကနေ ပင်းတယကို သွားချင်တဲ့သူကိုလည်း ပင်းတယအထိ သွားနိုင်ဖို့ ချိတ်ပေးတယ်ပေါ့။ အောင်ပန်းမှာ နေချင်တဲ့သူတွေကျတော့ ကျွန်မတို့ အောင်ပန်းမှာရှိတဲ့ နေရာချထားရေးနေရာမှာ ကျွန်မတို့ ချပေးတာရှိတယ်။ ဒီနေ့ အခက်အခဲက ဘယ်လိုရှိလဲဆိုရင် ကျွန်မတို့ လွိုင်ကော်ထိ မသွားနိုင်တော့ဘူး။ လွိုင်ကော်က လူတွေက မိုးဗြဲကိုလာ မိုးဗြဲကနေဆင့် ဖယ်ခုံကနေ စကြိုလို့ပဲ ရတော့တာပေါ့နော်။ ဖယ်ခုံကနေ မိုးဗြဲကိုတောင် ကျွန်မတို့ သွားလို့မရတော့ပါဘူးလို့။ မိုးဗြဲနဲ့ ဖယ်ခုံကြားက တပ်က လုံးဝ မပေးဖြတ်တော့ဘူး။ ကျွန်မတို့ ကူနေတာတော့ ငါရက်ရှိပြီပေါ့။ အခု အောင်ပန်းမှာတော့ တစ်ရာကျော်နေပြီ အဲထဲမှာ သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေပါတယ်ပေါ့နော်။ နောက်ကလေးမွေးကင်းစ ဆယ်ရက် ဆယ်ငါးရက်တို့ အဲလိုတွေလည်းပါပါတယ်။ အဓိကတော့ သက်ကြီး ရွယ်အိုတွေနဲ့ မွေးကင်းစတွေ အများဆုံးပါပါတယ်”
တောင်ကြီးမြို့ပေါ်မှာတော့ ထွက်ပြေးလာသူ ရာဂဏန်းလောက်သာရှိသေးပြီး၊ ကျေးရွာတွေနဲ့ မိသားစု နေအိမ်တွေမှာ နေထိုင်ကြသူတွေကများတယ်လို့ သူက ဆိုပါတယ်။ အင်းလေး နန်းပန်မြို့မှာတော့ လူဦးရေ ၂၀၀ လောက်ကို လက်ခံဖို့ စီစဉ်ထားပြီး အခုမနက်မှာတော့ စတင်ရောက်လာနေပြီလို့ ဆိုပါတယ်။
"သက်ကြီးရွယ်အိုတွေနဲ့ မွေးကင်းစတွေ အများဆုံးပါပါတယ်"
ညောင်ရွှေမြို့မှာတော့ ဒီမနက်အထိ လူဦးရေ ၅၀၀ လောက်အထိ ရောက်နေပြီး လက်ဗလာနဲ့ ပြေးလာသူတွေ များတယ်လို့ ညောင်ရွှေဒေသခံ ကိုသူရအောင် က ပြောပါတယ်။
ရှမ်းပြည်ဟာ လွိုင်ကော်ထက် ပိုအေးတာကြောင့် ဒုက္ခသည်တွေအတွက် အနွေးထည်နဲ့ အိပ်ယာအိပ်ခင်းတွေ ပိုလိုအပ်နေတယ်လို့ ကိုသူရအောင် က ပြောပါတယ်။
“ညောင်ရွှေမြို့ပေါ်မှာတော့ ဒီနေ့ဆိုရင် ငါးရာကျော်ပြီ သူကမြို့ပေါ်ရပ်ကွက်ရယ် ဘုန်းကြီးကျောင်းရယ်ဆို ငါးရာတော့ကျော်ပြီ အခုလည်းထပ်ဝင်နေတုန်းပဲ။ မနက်ဖြန်လည်း လာဖို့ရှိသေးတော့ သူတို့ကျွန်တော့်ကို ဖုန်းဆက်ပြီး နေရာရှာခိုင်းထားလို့ ကျွန်တော်လည်းရှာပေးထားတယ်ဗျ။ အဝတ်စားတွေမပါဘူး အနွေး ထည်တွေမပါကြဘူး။ ပါတဲ့သူက သုံးလေးစုံပဲပါတယ် အဲဒီအတွက် အဝတ်အထည်တွေ အနွေးထည်တွေ လိုတယ်။ အဲဒါလည်း ကျွန်တော်တို့ ဒေသခံတွေ လှူပေးတယ်။ လိုတာတော့ ဖိနပ်ပေါ့ တချို့က ဖိနပ်မပါကြဘူး။ အဓိကတော့ ဖိနပ် အနွေးထည်တွေ လိုတာပေါ့ အခုဒီမှာက ဆောင်းတွင်းဆိုတော့ ဒီဘက်မှာက နည်းနည်းအေးနေတာပေါ့ဗျာ”
ဒါ့အပြင် ထွက်ပြေးလာသူတွေကို ကူညီဖို့ စေတနာ့ဝန်ထမ်းတွေလည်း လိုနေတယ်လို့ ကိုသူရအောင်က ပြောပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ လွိုင်ကော်မြို့ပေါ် ရပ်ကွက် ၁၅ ခုမှာ လူဦးရေ ခြောက်သောင်းကျော်နဲ့ အနီးအနားကျေးရွာတွေမှာ လူဦးရေ ငါးသောင်းကျော် စုစုပေါင်း တစ်သိန်းကျော် နေထိုင်ပါတယ်။
ကရင်နီလူ့အခွင့်ရေးအဖွဲ့ ဒါရိုက်တာ ကိုဗညား ကတော့ တိုက်ပွဲတွေက လွိုင်ကော်မြို့ပေါ်မှာသာမက အနီးအနားကျေးရွာတွေမှာလည်းဖြစ်နေတာမို့ တစ်မြို့နယ်လုံးရှိ လူဦးရေ တစ်သိန်းကျော်အနက် သုံးပုံ နှစ်ပုံကျော်ဟာ ဘေးလွတ်ရာကို ပြန့်ကျဲပြီး ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
အဲဒီထဲကနေ ရှမ်းပြည်နယ်ကို ရောက်လာသူက နှစ်သောင်းလောက်အထိရှိနေပြီး ကျန်သူတွေ ဘယ်မှာရှိ နေတယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ကိုဗညားက ပြောပါတယ်။
“အခုက အားလုံးပြေးသလောက်ဖြစ်သွားပြီ။ လူသိများပြီး ကျန်တဲ့ရပ်ကွက်ဆိုလို့ သုံးရပ်ကွက်လောက်ပဲ ကျန်တော့မယ်။ ကျန်တဲ့ရပ်ကွက်တွေက ရပ်ကွက်လုံးကျွတ်ဖြစ်သွားပြီ။ ရပ်ကွက်အချို့မှာဆို အိမ်စောင့် လောက်ပဲကျန်မယ်။ ဒီမော့ဆို အနောက်ဘက်ကိုဆိုရင် သုံးသောင်းလောက် ရွှေ့သွားတာပေါ့နော်။ ဘာလို့လဲဆိုရင် ထွက်ပေါက်က အဲလမ်းတစ်ခုပဲရှိတာ။ အခုတော့ ဒီတစ်ရက် နှစ်ရက်မှာ ရှမ်းပြည်နယ် ဘက်ကို တော်တော်လေးရောက်သွားတယ်။ မရှိဘူးဆို ကျွန်တော်တို့ နှစ်သောင်း မအောက်ပါဘူး။ ညောင်ရွှေတို့၊ အင်းလေးတို့၊ တောင်ကြီးတို့ နောက်တစ်ခုက ဆီဆိုင်ပေါ့နော်”
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အခုလ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့စာရင်းတွေအရ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနေပြီး ဒေသခံ တစ်သိန်းခုနှစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ် လို့ ဆိုပါတယ်။
ထွက်ပြေးနေရသူတွေအတွက် စောင်၊ အနွေးထည်၊ အမိုးအကာနဲ့ စားသောက်ကုန်တွေ အရေးပေါ် လိုအပ် နေပြီး ကုန်စည်ပို့ဆောင်မှု အခက်အခဲတွေကြောင့် ရေရှည်မှာ ဒုက္ခသည်တွေအတွက် ပိုခက်ခဲနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။