လွိုင်ကော်မြို့ ပါကျဲရွာသားနှစ်ဦး မီးလောင်ကျွမ်းပြီး သေဆုံး

လွိုင်‌ကော်မြို့နယ်၊ ပါကျဲရွာအနီးမှာ ဖေဖော်ဝါရီ ၁၀ ရက်က မီးလောင်ကျွမ်းခံထားရသူ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရတယ်လို့ ပြောပါတယ်။

၂၀၂၂၊ ဖေဖော်ဝါရီ ၁၀ ရက်က ကယားပြည်နယ်၊ လွိုင်‌ကော်မြို့နယ်၊ ပါကျဲရွာအနီးမှာ မီးလောင်သေဆုံးသူနှစ်ဦးကို တွေ့ရှိတဲ့နေရာကို တွေ့ရစဉ် Photo: KNDF

ကယား (ကရင်နီ) ပြည်နယ် လွိုင်‌ကော်မြို့နယ်က ပါကျဲရွာအနီးမှာ ဖေဖော်ဝါရီ ၁၀ ရက်က မီးလောင်ကျွမ်းခံထားရသူ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က စံပြသုံးမိုင်၊ ပါကျဲရွာအနီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတပ်တို့ တစ်နေ့လုံး တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အဲဒီနှစ်ယောက် သေဆုံးနေတာ တွေ့ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဘယ်သူဘယ်ဝါ ကျွန်တော်တို့လည်း မသိတော့ဘူးပေါ့။ နယ်ခံရဲ့ပြောပြချက်အရ သက်သေ အထောက်အထားအရတော့ ပါကျဲရွာသားတွေပါပဲ။ အဲဒီလို အတည်ပြုလို့ ရတယ်ပေါ့။ ရွာလည်းမီးရှို့တယ်၊ ပြီးမှ လူလည်း ရှို့တာပေါ့"

မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဝတ်စုံတွေ ဝတ်ပေး ထားတယ်လို့ KNDF က ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ထားသလို ဒေသခံတွေရဲ့ အတည်ပြုချက်အရ ပါကျဲရွာသားတွေဖြစ်ပြီး ဘယ်သူတွေဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ပါကျဲရွာအပါအဝင် လွိုင်ကော်မြို့နယ်ထဲက တခြားရွာတွေက ဒေသခံတွေလည်း စစ်ဘေးရှောင်နေကြရပြီး သေဆုံးသူ နှစ်ယောက်ဟာ ရိက္ခာပြန်ယူသူ ဒါမှမဟုတ် မရှောင်တိမ်းဘဲ ကျန်နေခဲ့သူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပါကျဲရွာမှာ လူဦးရေ တစ်ထောင်ဝန်းကျင် နေထိုင်ပြီး တောင်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေ ဖြစ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org