အာဏာသိမ်း နှစ်ပတ်လည် ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒပြ
2013.09.18
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၂၅ နှစ်ပြည့်တဲ့ စက်တင်ဘာ ၁ဂ ရက် မနေ့က ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေစုဝေးပြီး လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ သမ္မတ ဦးသိန်းစိန်ထံကို ၁၉၈၈ ခုနှစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ဝန်ခံဖို့နဲ့ ဒေါ်နော်အုံးလှ အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်က RFA ကိုပြောပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်တွေကို လန်ဒန်သံရုံးကနေတဆင့် သမ္မတ ဦးသိန်းစိန်ထံကို အိတ်ဖွင့်ပေးစာအဖြစ် ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
မနေ့ နေ့လည်က ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲမှာ ဗြိတိန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့ဒီမိုကရေစီအရေး ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့ နိုင်ငံခြားသား စုစုပေါင်း လူ ၂ဝ ကျော် ပါဝင်ခဲ့ပါတယ်။