စစ်ကောင်စီကိုယ်စားလှယ်တွေ ခြိမ်းခြောက်တာခံရကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်တိုင်ကြား

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးကျော်စွာမင်းက သူ့ကို မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ လန်ဒန်မြို့ရဲတပ်ဖွဲ့နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးကို တရားဝင်တိုင်ကြားလိုက်တယ်လို့ သတင်း ရရှိပါတယ်။

လန်ဒန်မြို့က မြန်မာသံရုံးရှေ့မှာ ဧပြီ ၈ ရက်နေ့က တွေ့ရသော ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်း။ File Photo: AFP

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးကျော်စွာမင်းက သူ့ကို မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ လန်ဒန်မြို့ရဲတပ်ဖွဲ့နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးကို တရားဝင်တိုင်ကြားလိုက်တယ်လို့ သတင်း ရရှိပါတယ်။

သြဂုတ်လ ၁၄ ရက် ညနေပိုင်းကစလို့ လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ ဦးကျော်စွာမင်းအိမ်နားမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ အကြိမ်ကြိမ် ရောက်လာပြီး ခြိမ်းခြောက်တယ်လို့ Myanmar Accountability Project (MAP) ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံမှုတာဝန်ယူမှု စီမံချက်ရုံး ညွှန်ကြားရေးမှူး Chris Gunness က ထုတ်ဖော်ပြောဆိုလိုက်တဲ့အကြောင်း မနေ့က သြဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ MAP အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်သံမှူးနဲ့ သူ့ကိုသြဇာခံတဲ့ မြန်မာဝန်ထမ်းတချို့က လန်ဒန်မြို့က မြန်မာသံရုံးကို ဧပြီ ၇ ရက်နေ့က ဝင်ရောက်ထိန်းချုပ်လိုက်ပြီး နောက်တစ်ရက်မှာ သံအမတ် ဦးကျော်စွာမင်းက CDM လှုပ်ရှားမှုမှာ သူပါဝင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုတော့ သူ့ကို ဘယ်လိုခြိမ်းခြောက်တာလဲဆိုတာ အသေးစိတ်ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ သံအမတ် ဦးကျော်စွာမင်းကို ဆက်သွယ်လို့မရသေးသလို၊ ဗြိတိန်နိုင်ငံခြားရေးဌာနကို RFA က အီးမေးလ်ကနေတဆင့် ဆက်သွယ်ထားပြီး ဘယ်လိုအရေးယူဆောင်ရွက်နေလဲဆိုတာလည်း မေးမြန်းထားပါတယ်။ ဒါပေမဲ့ လတ်တလောမှာ အကြောင်းပြန်ကြားချက် မရသေးပါဘူး။

ဒီအကြောင်းကို ထုတ်ပြန်တဲ့ MAP အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဟာ ရှစ်လေးလုံးအရေးတော်ပုံအတွင်းက BBC သတင်းထောက်အဖြစ် မြန်မာပြည်သူကြားမှာ လူသိများခဲ့တဲ့ ခရစ်တိုဖာဂန်းနက်စ် ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြိုးပမ်းမှုနဲ့ မြန်မာလူငယ် နှစ်ယောက်ကို အမေရိကန်ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် အခုတခါ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းကလည်း လုံခြုံရေးခြိမ်းခြောက်ခံရတယ်လို့ တိုင်ကြားတဲ့ဖြစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီကိစ္စကို စုံစမ်းဖော်ထုတ်အရေးယူဖို့ MAP အဖွဲ့က ဗြိတိန်အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org