မြန်မာဒုက္ခသည်များ ရေရှည်အကူအညီ လိုနေကြောင်း အီးယူ ပြောဆို
ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာပြည်က ဒုက္ခသည်တွေအတွက် ရေရှည်ဖြေရှင်းပေးနိုင်မဲ့ အစီအစဉ်တွေ လိုအပ်နေကြောင်း ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို သွားရောက် လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ မဟာမင်းကြီး မစ္စ ခရစ်တလီနာ ဂျော်ဂျီဗာက မတ်လ ၁၄ ရက် ဒီကနေ့ ဗန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
-
2011-03-14 -
-
-
အီးယူ မဟာမင်းကြီးဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း အပါအဝင် မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက် လေ့လာခဲ့ပါတယ်။
သူ့ရဲ့ ခရီးစဉ်အတွင်း အဓိက အချက် ၃ ချက်ကို လေ့လာ တွေ့ရှိခဲ့တယ်လို့ မစ္စ ဂျော်ဂျီဗာက ပြောဆိုပါတယ်။
ပထမ တချက်ကတော့ ဒုက္ခသည်တွေဟာ သူတို့ရဲ့ရေရှည်ပြဿနာတွေကို ဖြေရှင်းပေးနိုင်မဲ့ အစီအစဉ်တွေကို မျှော်လင့်နေကြပါတယ်။ တတိယ နိုင်ငံတွေကို သွားရောက် အခြေချနေထိုင်ရေး အစီအစဉ်တွေ အပြင် ထိုင်းနိုင်ငံအတွင်း နယ်စပ်ဒေသတွေမှာ အလုပ်လုပ်ကိုင်ခွင့် ရရှိဖို့နဲ့ အနာဂတ် တချိန်ချိန်မှာ မြန်မာပြည်က အခြေအနေတွေ တိုးတက်ကောင်းမွန်လာရင် နေရပ်ကို ပြန်နိုင်ရေး စတဲ့ အစီအစဉ်တွေ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
ဒုတိယအချက်အနေနဲ့ ၂၀၀၆ ခုနှစ်ကတည်းက ရပ်ဆိုင်းနေတဲ့ ဒုက္ခသည် စိစစ်ရေး အစီအစဉ်တွေ ပြန်လည် စတင်လာနိုင်တဲ့ အချက်ဖြစ်ပါတယ်။
တတိယအချက်ကတော့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ကြားပို့ချပေးတာနဲ့ လိုအပ်တဲ့ အစားအစာ၊ အမိုးအကာတွေ ထောက်ပံ့ပေးတဲ့အပေါ် ဒုက္ခသည်တွေက အထူးဝမ်းသာ ကျေးဇူးတင်ကြကြောင်း၊ ဒီလို သက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားနိုင်တဲ့အတွက် ဒုက္ခသည်စခန်းက ထွက်ပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ကြောင်း အီးယူ မဟာမင်းကြီး မစ္စ ဂျော်ဂျီဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အီးယူ မဟာမင်းကြီးဟာ ဒီကနေ့ ထိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို တွေ့ဆုံခဲ့ပြီး သူ့ရဲ့ လေလာ တွေ့ရှိချက်တွေကို ပြောပြခဲ့ပါတယ်။
တရားဝင်စာရင်းတွေအရ မြန်မာပြည်က ပြည်တွင်းစစ်ကြောင့် ထိုင်းမြန်မာနယ်စပ်မှာ စစ်ပြေးဒုက္ခသည် ၁ သိန်းခွဲလောက် ခိုလှုံနေကြပါတယ်။