လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှု အစီရင်ခံစာ ရှေ့နေများကွန်ရက် ထုတ်ပြန်

လက်ပန်းတောင်းတောင်သပိတ် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရှေ့နေများကွန်ရက်ရဲ့ အစီရင်ခံစာကို အများပြည်သူ သိရှိနိုင်အောင် ရှင်းလင်းတင်ပြတဲ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီဘက်ကပေးတဲ့ လျော်ကြေးအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေဟာ တရားမဝင်တဲ့အတွက် အရေးယူဆောင်ရွက်သွားမယ့် အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်တာမရှိတဲ့အတွက် တရားမျှတမှုရှိ မရှိကို ရှေ့နေများကွန်ရက်က မသုံးသပ်နိုင်ကြောင်းကိုလည်း ဦးအောင်သိန်းက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ရှင်းလင်းပွဲကို မြန်မာနိုင်ငံရှေ့နေများကွန်ရက်နဲ့ ပူးပေါင်းပါဝင်ထားတဲ့ USA က အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Justice Trust က ပရော်ဖက်ဆာ ရော်ဂျာနော်မန်ကလည်း လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွဲတဲ့အခါ အသုံးပြုခဲ့တဲ့ လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၀ ခုနှစ်မှာ မုံရွာခရိုင်အုပ်ချုပ်ရေးမှူးက ၃ နှစ်စာ သီးနှံလျော်ကြေးအဖြစ်သာပေးမှာဖြစ်ပြီး လယ်ယာမြေကို အပိုင်သိမ်းတာမဟုတ်ကြောင်း လယ်ယာမြေပေါ်မှာ အဆောက်အဦးတွေဆောက်မှာမဟုတ်ကြောင်း ဒေသခံတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အဆောက်အဦးတွေ ဆောက်ပြီး ဘုန်းကြီးကျောင်းတွေကို ချိတ်ပိတ်ခဲ့ကြောင်းစသဖြင့် လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြစ်ပေါ်လာရတဲ့အခြေခံ အကြောင်းအရင်းတွေကို ဒေသခံ မသွဲ့သွဲ့ဝင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး  သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ရှင်းလင်းသူ အထက်မြန်မာပြည် ရှေ့နေများကွန်ယက်က ရှေ့နေ ဦးသိန်းသန်းဦးကို RFA အဖွဲသား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org