လက်ပံတောင်းအရေး ဆန္ဒပြသူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်
2013.09.29

လက်ပံတောင်းအရေး လှုပ်ရှားသူ သံဃာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၅၀ လောက်ဟာ မန္တလေးတိုင်း အမရပူရမြို့အဝင်ကနေ လက်ပံတောင်းတောင်ခြေ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်အထိ ဒီကနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ အာဏာပိုင်တွေက ခွင့်ပြုခြင်းမရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းက လယ်တီဆရာတော် ဘုရားကြီးရဲ့သိမ်တော်နဲ့ သာသနိက အဆောက်အအုံတွေကို မူလအတိုင်းထားပေးဖို့ သူတို့တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။
ဆန္ဒပြချီတက်ရတာနဲ့ပတ်သက်ပြီး လက်ပံတောင်းအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက အခုလို ပြောပါတယ်။
" သိမ်ကိုတော့ ကျွန်တော်တို့ မူလအတိုင်းရှိစေချင်ပါတယ်၊ အစိုးရကို ကျွန်တော်တို့ ဆန့်ကျင်နေခြင်းမဟုတ်ဘူး၊ ကျွန်တော်တို့ သာသနာတော်နဲ့ အထင်ကရ စေတီတစ်ဆူဖြစ်တဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သိမ်ကျောင်းနဲ့ အဆောက်အအုံကိုသာ အစီရင်ခံစာပါအတိုင်းလေးဖြစ်စေချင်တဲ့အတွက် ဒီနေ့ ပွဲလေးကို ကျွန်တော်တို့ အပါအဝင် ဒေသခံတွေ ဆရာတော်ဘုရားတွေနဲ့အတူ ကျွန်တော်တို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်"
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ ရဟန်းသံဃာတွေ ပြည်သူတွေကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တဲ့ ၁၀ လပြည့် အထိမ်းအမှတ်နဲ့ ဒီဆန္ဒပြပွဲကို ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲ့ဒီလမ်းလျှောက် ဆန္ဒပြတဲ့နေရာမှာ ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုမိုးသူအောင်ကို RFA အဖွဲ့သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။