လွယ်ဂျယ်ဂိတ် ပိတ်ထားလို့ ကုန်ကား အစီး ၅၀၀ ပိတ်မိနေ

ကိုဗစ်ပိုး တွေ့တယ်ဆိုပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဖြစ်တဲ့ ကချင်ပြည်နယ်ထဲက လွယ်ဂျယ် ဂိတ်ကို တရုတ်အာဏာပိုင်တွေဘက်က ယာယီ ပိတ်ထား ပါတယ်။

ဗန်းမော်-လွယ်ဂျယ် လမ်းက ကုန်တင်ကားတစ်စီးကို ၂၀၂၂ ဇန်နဝါရီလမှာ တွေ့ရစဉ် Photo: CJ

ကိုဗစ်ပိုး တွေ့တယ်ဆိုပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ ကချင်ပြည်နယ် ထဲက လွယ်ဂျယ်ဂိတ်ကို တရုတ်အာဏာပိုင်တွေဘက်က မတ်လ ၁ ရက်ကနေ ၃ ရက် အထိ ယာယီပိတ်ထားလို့ ဗန်းမော်-လွယ်ဂျယ်လမ်းမှာ ကုန်ကား အစီး ၅၀၀ ပိတ်မိ နေပါတယ်။

တရုတ်ပြည် လာရင်းမြို့ဘက်က ယာဉ်မောင်းတွေမှာ ကိုဗစ်ကူးစက် ခံထားရလို့ မတ်လ ၁ ရက်ကစပြီး ခုလို ပိတ်ထားတာလို့ လွယ်ဂျယ်မှာနေတဲ့ ကုန်ကားပိုင်ရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“တရုတ်ပြည်ဘက်က တရုတ်ယာဥ်မောင်းတွေမှာ ပိုးတွေ့တယ်လို့ပြောတယ်။ မနက်ဖြန် အထိ ပိတ်မယ် ပြောတယ်။ လမ်းမှာလည်းကြာတော့ ငှက်ပျောတွေ ပုပ်တာတွေ ပုပ်တယ်။ ကားတွေက လွယ်ဂျယ်မှာလည်း အများကြီးပဲ။ ကျောက်စခန်း ကနေ မိုးမောက်ထိတောင် ရောက်တယ်။ ကားသမားတွေရော၊ ကားပိုင်ရှင်တွေရော အကုန်အခက်အခဲတွေနဲ့ပဲ”

နယ်စပ်ဂိတ်ပိတ်လိုက်လို့ ခါတိုင်း တစ်ရက်သာကြာတဲ့ ဗန်းမော်ကနေ လွယ်ဂျယ်ခရီးဟာ ကုန်ကားတစ်စီး ရောက်ဖို့ အချိန်တစ်လလောက် ကြာသလို နောက်ထပ်ဂိတ် ထပ်ပိတ်ထား မယ်ဆိုရင်တော့ ကုန်ပစ္စည်းတွေ ပျက်စီးကုန်မယ်လို့လည်း ကုန်ကားပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

မိုးမောက်ကနေ လွယ်ဂျယ်အထိ ပိတ်မိနေတဲ့ မြန်မာပြည်ထဲက ငှက်ပျော၊ ကြံ၊ ပဲ စတဲ့ ကုန်တွေတင်ထားတဲ့ ကုန်ကား အစီး ၅၀၀ လောက် ရှိတယ်လို့လည်း သူကပြောပါတယ်။

မိုးမောက်မြို့အတက် ကျောက်စခန်းဂိတ်မှာလည်း ယာဉ်မောင်းတွေကို ပိုး ရှိ၊ မရှိ စစ်ဆေးတဲ့နေရာမှာလည်း နေ့တိုင်းလိုလို ပိုးတွေ့နေတယ်လို့ ကုန်ကားပိုင်ရှင် နောက်တစ်ဦးက ပြောပါတယ်။

လွယ်ဂျယ်ဂိတ်ကို ကိုဗစ် ကူးစက်မှုကြောင့် တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပိတ်ထားပြီး ဒီဇင်ဘာ ဒုတိယပတ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org