ကချင်စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော်အတွက် မဘသအဖွဲ့ ကျပ်သိန်း ၆ဝ လှူဒါန်း
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်အတွင်း ကယ်ဆယ်ရေး စခန်း ၃ ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ဦးရေ တစ်ထောင်ကျော်အတွက် အမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုက ဒီကနေ့ မှာ ငွေကျပ် သိန်း ၆ဝ ကို လှူဒါန်းခဲ့ပါတယ်။
-
2015-11-28 -
-
-
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၃ ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေး ဒုက္ခသည် ဦးရေ တစ်ထောင်ကျော်အတွက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟိုက ဒီကနေ့မှာ ငွေကျပ် သိန်း ၆ဝ ကို လှူဒါန်းခဲ့ပါတယ်။
မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်၊ ဝိုင်းမော်မြို့ သာဂရသရက်တော ဘုန်းတော်ကြီးကျောင်းနဲ့ ခတ်ချိုကျေးရွာ ကယ်ဆယ်ရေးစခန်း စတဲ့နေရာသုံးခုမှာ လှူဒါန်းခဲ့တာလို့ ကချင်ပြည်နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဣဿရိယက မိန့်ကြားပါတယ်။
"အားလုံးပေါင်းလိုက်ရင် အခု တစ်ထောင်ကျော်အတွက် သိန်း ၆ဝ ဝန်းကျင်ကျပါတယ်၊ တစ်ပြည်နယ်လုံးမှာ ရှိတဲ့ မဘသတွေ စွမ်းနိုင်သလောက်ပေါ့လေ၊ ရေဘေးသဘာဝဘေးအန္တရာယ် ဒုက္ခသည်တွေကို ဦးစားပေးနေ ရလို့ အခုမှစစ်ဘေးဒုက္ခသည်တွေဘက် ပြန်လှည့်ရတာ၊ ဒေါသတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေနဲ့ အခြေခံပြီးတော့မှဖြစ်လာတယ်ဆိုတော့ စစ်ဆိုတာမကောင်းပါဘူး၊ တိုင်းရင်သူ တိုင်းရင်းသားအချင်းချင်း ဘုန်းကြီးတို့ ၁၃၅ မျိုးသော တိုင်းရင်းသားက သွေးချင်းသားချင်း ညီအစ်ကို မောင်နှမအရင်းတွေဆိုတော့ နားလည်မှုတွေ၊ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ ပဋိပက္ခလည်းမဖြစ်အောင်၊ ငြိမ်းချမ်းအောင်၊ ညီညွတ်ကြအောင် ဝိုင်းဝန်းလုပ်ဆောင်ကြစေချင် ပါတယ်လို့ ဘုန်းကြီးတို့ စစ်ကြောင့်ပြည်သူတွေ ဒုက္ခရောက်ကြတယ်လေ၊ စစ်မဖြစ်စေချင်ဘူး"
ရန်ကုန်မြို့ အခြေစိုက် မဘသ (ဗဟို) ကလည်း ရှမ်းပြည်နယ်က စစ်ဘေးကယ်ဆယ်ရေး စခန်းတွေကိုလည်း သွားရောက်လှူဒါန်းဖို့ စီစဉ်နေတယ်လို့လည်း မိန့်ပါတယ်။
ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေး နယ်မြေအတွင်းက ကယ်ဆယ်ရေးစခန်း တစ်ရာနီးပါးမှာ စစ်ဘေးဒုက္ခ သည် လေးသောင်းဝန်းကျင်ရှိပြီး တစ်ပြည်နယ်လုံးမှာ စစ်ဘေးဒုက္ခသည် ဦးရေ တစ်သိန်းဝန်းကျင် ရှိပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေရတာ အခုဆိုရင် လေးနှစ်ကျော်လာပြီဖြစ်ပါတယ်။