အစိုးရ တောင်းပန်ရမယ်လို့ မဘသ မိန့်ကြား
မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်ဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့စကားအတွက် အစိုးရနဲ့ NLD ပါတီက ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်းပန်ဖြေရှင်းခြင်း မပြုလုပ်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့စဉ်းစားထားတယ်လို့ မဘသ ဗဟိုက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
-
2016-07-07 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်ဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့စကားအတွက် အစိုးရနဲ့ NLD ပါတီက ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်းပန်ဖြေရှင်းခြင်း မပြုလုပ်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့ စဉ်းစားထားတယ်လို့ မဘသ ဗဟိုက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်မှာ ကျင်းပတဲ့ မဘသ ဗဟို အရေးပေါ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မဘသ ဗဟိုကော်မတီဝင် ဆရာတော် အရှင် ဦးဝီရသူ က အခုလို မိန့်ကြားခဲ့ တာဖြစ်ပါတယ်။
"မဟန ဟာ သံဃာတော်တွေကို အုပ်ချုပ်ရတဲ့ သံဃာပိုင်းဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီးတော့ မဘသ ဟာ လူရောသံဃာပါ ဖွဲ့စည်းထားတဲ့ သာသနာတော်စောင့်ရှောက်ရေး သာသနာပြုအဖွဲ့ကြီး လူတွေလိုပြောရင်တော့ NGO သီးခြားလွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တယ် ဆိုတဲ့အကြောင်းကို ရေးသားထားပါတယ်၊ နံပါတ် ၄ နဲ့ ၅ ကတော့ နိုင်ငံတော်သမ္မတရယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရယ် ပြီးတော့ ပါတီထိပ်တန်းပုဂ္ဂိုလ်တွေ ရယ် မေတ္တာရပ်ခံစာ ရေးသားထားတဲ့စာတွေပါ၊ နံပါတ် ၆ ကတော့ ဦးဖြိုးမင်းသိန်း ရဲ့ မဘသအပေါ် မလိုမုန်းပွားရန်ငြိုးပွားပြီး မတရားကြံစည်လာမှုတွေကို နိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့ အခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီးတော့ တာဝန်ယူဖြေရှင်းဖို့ကို အလေးအနက် တောင်းဆိုထားတာဖြစ်ပါတယ်၊ ဆန္ဒထုတ်ဖော်သင့်ရန် ထုတ်ဖော်ရမယ်၊ Right To Recall အတွက် လက်မှတ်တွေကောက်ခံသင့်ရင် ကောက်ခံ ရမယ်"
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ NLD ပါတီ နာယက ဦးတင်ဦး တို့ဆီကို စာရေးသားပေးပို့သွားမယ် လို့လည်း မိန့်ပါတယ်။
ဒါ့အပြင် မဘသ မလိုဘူးလို့ ပြောကြားခဲ့တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့တဲ့အပေါ် ရှုတ်ချကြောင်းနဲ့ မဘသအဖွဲ့ဟာ အခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတာဖြစ်ကြောင်း မဘသနဲ့ မဟန မတူကြောင်း စတဲ့အချက် ၆ ချက်ပါတဲ့ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလတ်တလော သွားရောက်ခဲ့တဲ့ စင်္ကာပူနိုင်ငံခရီးစဉ်မှာ မြန်မာပြည်မှာ နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ (မဟန) ရှိနှင့်ပြီးဖြစ်တဲ့အတွက် မဘသ မလိုအပ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီနေ့ အစည်းအဝေးကို သွားရောက်သတင်းယူနေတဲ့ RFA သတင်းထောက် ကိုမျိုးဇော်ကို ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။