ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဖွဲ့စည်းပုံနဲ့ ရပ်တည်ချက်ကို မဟန ထံ တင်ပြရမည်

အမျိုးဘာသာ သာသနာထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အမည်နဲ့ ပြောင်းလဲရပ်တည် မယ်ဆိုရင် ဖောင်ဒေးရှင်းရဲ့ဖွဲ့စည်းပုံနဲ့ ရပ်တည်ချက်ကို မဟနထံ တင်ပြရမှာဖြစ်တယ်လို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော် ဦးကေသရာဘိဝံသက မိန့်ကြား ပါတယ်။

မဘသ (ဗဟို)ရဲ့ အဖွဲ့ဝင်တွေကို အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ မေလ ၂၇ ရက်နေ့ ကျင်းပစဉ် Photo: Aung Thain Kha/RFA

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အမည်နဲ့ ပြောင်းလဲရပ်တည်မယ်ဆိုရင် ဖောင်ဒေးရှင်းရဲ့ဖွဲ့စည်းပုံနဲ့ ရပ်တည်ချက်ကို မဟနထံ တင်ပြရမှာဖြစ်တယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ဦးကေသရာဘိဝံသက မိန့်ကြားပါတယ်။

တင်ပြချက်ပေါ်မူတည်ပြီးမှ ခွင့်ပြုချက်ပေး မပေး ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့ ဆရာတော် ဦးကေသရာဘိဝံသက မိန့်ပါတယ်။

"သူတို့နာမည်တစ်ခုနဲ့ လုပ်မယ်ဆိုရင် သူတို့ဖွဲ့စည်းပုံကို ပြန်တင်ပေးရမှာပါ။ သူတို့ရဲ့လုပ်ဆောင်ချက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ပေါ့လေ မဟာနာယကကို ပြန်တင်ပေးရမှာပါ။ သူတို့တင်လာမှ ကြည့်ရဦးမှာပါ။ ဒီတိုင်းနဲ့တော့ ပြောလို့မရသေးပါဘူး။"

ဒါ့အပြင် မဘသဆိုတဲ့အမည်ကို မသုံးစွဲဖို့နဲ့ အခုလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး တစ်နိုင်ငံလုံးက မဘသ ဆိုင်းဘုတ်တွေကို ဖျက်သိမ်းဖို့ နိုင်ငံတော်သံဃနာယကအဖွဲ့က ထုတ်ပြန်တာဟာ အစိုးရရဲ့ တိုက်တွန်းမှု တစ်စုံတရာ မပါဘူးလို့လည်း ဆရာတော် ဦးကေသရာဘိဝံသ က မိန့်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ ကျင်းပခဲ့ တဲ့ မဘသ အဖွ့ဲဝင်တွေကို အထူးအသိပေးရှင်းလင်းပွဲမှာ မဘသဥက္ကဌဆရာတော် ဘန္ဒန္တတိလော ကာဘိဝံသ က မဟနနဲ့ မဘသ ကွဲအောင် ကြံစည်သူတွေရှိနေပြီး မဘသ နာမည်မသုံးဖို့ ဆုံးဖြတ် ချက်မှာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အဓိကတရားခံ မဟုတ်ဘူးလို့ မိန့်ကြားခဲ့တာဖြစ်ပါ တယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပြီးခဲ့တဲ့လ ၂၃ ရက်နေ့က အမျိုးဘာသာသာသနာစောင့် ရှောက် ရေးအဖွဲ့ မဘသ ဆိုတဲ့နာမည်ကို တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ မသုံးစွဲဖို့ကြေညာချက် ထုတ်ပြန် ပြီးနောက် မဘသ အနေနဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုတဲ့အမည်နဲ့ ပြောင်းလဲပြီး လူမျိုးဘာသာ သာသနာ အကျိုးပြု လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

မဟနအဖွဲ့က မဘသအဖွဲ့ဟာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း ၂ အပိုဒ် ၄ နဲ့ ညီညွတ်မှု မရှိဘူးလို့ ပြီးခဲ့တဲ့လ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း ၂ အပိုဒ် ၄ မှာ မဟနဟာ ဖွဲ့စည်းခွင့်တောင်းခံလာတဲ့ ဘာသာရေး ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေကို သံဃနာယက အဖွဲ့အစည်းအဆင့်ဆင့်ရဲ့ ကြီးကြပ်မှု ခံယူပြီး ခွင့်ပြုနိုင် ကြောင်းနဲ့ အဲဒီအဖွဲ့အစည်းတွေဟာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ရောထွေးမှု မရှိစေရလို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org