ဘားအံနဲ့ မန္တလေးက မဘသဆိုင်း ဘုတ်တွေကိစ္စ ညှိနှိုင်းသွားမည်

အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့(မဘသ)ဆိုင်းဘုတ်တွေကို အတင်းဖြုတ်ချလိုက်ရင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်မှာမလိုလားတဲ့အတွက် ကာယကံရှင်တွေကိုယ်တိုင်ဖြုတ်ပေးဖို့ ညှိနှိုင်းသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို ဇူလိုင်လ ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး တွင် တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဆိုင်းဘုတ်တွေကို အတင်းဖြုတ်ချလိုက်ရင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်မှာမလိုလားတဲ့ အတွက် ကာယကံရှင်တွေကိုယ်တိုင်ဖြုတ်ပေးဖို့ ညှိနှိုင်းသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး က သတင်းထောက်တွေကိုပြောတာဖြစ်ပါတယ်။

"နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အစည်းကရော နိုင်ငံတော်အစိုးရကရော အဲဒီဆိုင်းဘုတ်လေး နှစ်ခု၊ သုံးခုကို အတင်းဖြုတ်ချခြင်းအားဖြင့် ဘာသာရေး လူမျိုးရေး ပဋိပက္ခဖြစ်လာမှာတွေ မလိုလားပါဘူး၊ အဲဒီဆိုင်းဘုတ်ကလေး နှစ်ခုရှိလို့လည်း မဘသအဖွဲ့ကြီးက ပြန်လည်ရှင်သန်လာမှာ မဟုတ်ဘူး"

တစ်နိုင်ငံလုံးက မဘသဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထားဖြုတ်ချဖို့ ဝန်ကြီးဌာန က ကြေညာထားပေမယ့် မန္တလေးနဲ့ ဘားအံမြို့တို့မှာ ဖြုတ်ချမှု မရှိသေးဘူးလို့လည်း ဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

ဒါ့အပြင် မဘသအဖွဲ့ကနေ ဆင့်ပွားထားတဲ့ အဖွဲ့တွေ ဆက်လက်ဖွဲ့စည်းထားမယ်ဆိုရင်လဲ ရဟန်းဥပဒေ၊ တည်ဆဲဥပဒေတွေအရ တရားဝင်အဖွဲ့တွေဖြစ် လာမှာမဟုတ်တဲ့အကြောင်း၊  ဒါ့အပြင် သာသနာတော်သန့်ရှင်းရေးကိုလဲ နိုင်ငံအတွက်လိုအပ်တဲ့အချိန်မှာ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း  ဝန်ကြီးက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်က ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံသံဃာ့ညီလာခံက ချမှတ်ထားတဲ့ ဂိုဏ်းကြီးကိုးဂိုဏ်းကိုသာ သံဃာ့အဖွဲ့ အစည်းအဖြစ် တရားဝင်သတ်မှတ်ထားတာဖြစ်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org