မတ္တရာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ နှစ်ဦး သေဆုံး
မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ကလေး တစ်ဦးနဲ့ မိခင်တို့ သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။
-
RFA Burmese
2024-10-22 -
-
-
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ဘေးက ရွာတွေကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ တစ်နှစ်ကျော်အရွယ် ကလေး တစ်ဦးနဲ့ မိခင်တို့ သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။
မနေ့က ညနေ ၄ နာရီကျော်မှာ ဧရာဝတီမြစ်ဘေး မြွေတလိုင်းရွာနဲ့ အနီးတစ်ဝိုက်ရွာတွေကို တံတားဦး လေတပ်ကနေ ထွက်လာတဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 နှစ်စင်းတို့က ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မြွေတလိုင်းရွာအနီး ဧရာဝတီမြစ်ဘေး စက်လှေပေါ်က တစ်နှစ်ကျော်အရွယ် ကလေး တစ်ဦးနဲ့ ၂၈ နှစ်အရွယ် မိခင်ဖြစ်သူတို့ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ Wetlet Informational Network အဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ပစ်တာတော့ မြစ်ကမ်းဘေးက ရွာတွေကို ပတ်ပတ်လည်ပစ်တာ။ မြွေတလိုင်းရွာကိုတော့ ဦးစားပေးပစ်သွားတာ။ သေတဲ့ သားအမိနှစ်ယောက်က စက်လှေပေါ်မှာမှန်တာ။ ခရီးသွားတွေဆိုတော့ ဘယ်ကလူလို့ မသိရဘူး။ ကလေးလေးက လက်ပြတ်ပြီးတော့ သွေးထွက်လွန် သေဆုံးသွားတာ။ ဒဏ်ရာရတဲ့သူတွေကလည်း လေးဦးမကဘူး”
အဲဒီနောက် ညနေ ၆ နာရီကျော်လောက်မှာလည်း ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားပြီး အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း မတ္တရာမြို့နယ် အနောက်ခြမ်း ဝေါစုရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ သုံးပါးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY-PDF) ထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သိမ်းယူထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး သိမ်းယူထားတဲ့ တပ်စခန်းတွေကို အပြည့်အဝထိန်းချုပ်ထားဆဲလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့၊ အကာကွယ်ရှိတဲ့ နေရာတွေမှာ နေထိုင်ကြဖို့၊ လေယာဥ်ဝဲပျံနေရင် ပြေးလွှားကြတာမျိုး မပြုကြဖို့ ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းနေပါတယ်။