မတ္တရာမှာ လူနာတင်ယာဉ်ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရ

လက်ပန်လှရွာက မွေးလူနာကို မန္တလေးမြို့ ဗဟိုအမျိုးသမီးဆေးရုံဆီ သွားရောက်ပို့ဆောင်ခဲ့ပြီး အပြန်လမ်းမှာ ပစ်ခတ်ခံရတာပါ။

ပစ်ခတ်ခံရသည့် လက်ပန်လှ လူမှုကူညီရေးအသင်းယာဉ်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Myanmar Rescue Let Pan Hla

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ကန်ဖြူရွာအနီးမှာ ဖေဖော်ဝါရီလ ၁၃ ရက် မနက် ၁ နာရီခွဲက လက်ပန်လှ လူမှုကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်ပစ်ခတ်ခံရပြီး ယာဉ်မောင်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၅၆ နှစ်အရွယ် ယာဉ်မောင်းဦးအောင်မြင့်ဆန်းရဲ့ လက်ကို ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တာလို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

"ပို့ပြီးအပြန် ကားဖြတ်သွားတဲ့အချိန် ပစ်ခတ်မှုနဲ့ ဆုံတာပေါ့။ ကယ်ဆယ်ရေး ယာဉ်မှူးတစ်ယောက်တော့ ညာဘက်လက်မောင်းကို ထိသွားတယ်။ ဒဏ်ရာကတော့ ပြင်းထန်ဒဏ်ရာ။ ဒါပေမဲ့ အသက်အန္တရာယ် တော့ မစိုးရိမ်ရပါဘူး။ အချိန်ကလည်း အချိန်မတော်ဆိုတော့။ ညမထွက်ရကတော့ ၉ နာရီသတ်မှတ်ထားတဲ့နေရာပါ"

လက်ပန်လှ လူမှုကူညီရေးအသင်းယာဉ်က စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာက မွေးလူနာကို မန္တလေးမြို့ ဗဟိုအမျိုးသမီးဆေးရုံဆီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ သွားရောက်ပို့ဆောင်ခဲ့ပြီး အပြန်လမ်းမှာ ပစ်ခတ်ခံရတာပါ။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရဘူးလို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တိုက်ခိုက်မှုပေါင်း ၁၉,၄၄၄ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဝန်ထမ်းတွေအပါအဝင် ၅၄၄၃ ဦး သေဆုံးပြီး ၄၅၇၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနှစ် ဇန်နဝါရီလ ၃၁ ရက် ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂၉၈၈ ဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org