မတ္တရာမှာ ဒေသခံ ခြောက်ဆယ်ကျော် ဖမ်းဆီးခံရပြီး နှစ်ဦး သတ်ဖြတ်ခံရ
မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသားခြောက်ဆယ်ကျော်ကို ဖမ်းဆီးခဲ့သလို အရပ်သား နှစ်ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။
-
RFA Burmese
2024-03-30 -
-
-
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းရွာတွေကို မတ်လ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသားခြောက်ဆယ်ကျော်ကို ဖမ်းဆီးခဲ့သလို အရပ်သား နှစ်ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေဟာ ကြိုးကြာကန်ရွာက အသက် ၅၃ နှစ်အရွယ် ဦးစိုးတင့်နဲ့ ကျောက်စရစ်ကုန်းရွာက အသက် ၇၀ ကျော်အရွယ် ဦးပွတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အင်အား လေးဆယ်နီးပါးရှိတဲ့ စစ်ကြောင်းသုံးကြောင်းက မနက် ၆ နာရီဝန်းကျင်မှာ ကျောက်စရစ်ကုန်း၊ မှော်နီကုန်း၊ ကြိုးကြာကန်ရွာတွေကို ဝင်ရောက်စီးနင်းခဲ့တာပါ။
ရုတ်တရက် စီးနင်းခံလိုက်ရတာကြောင့် ရွာသားတွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က အင်အားက အများကြီး မဟုတ်ဘူး။ စစ်ကြောင်းသုံးကြောင်းနဲ့ ရွာတွေထဲကို ရုတ်တရက် ရောက်လာတော့ ရှောင်ချိန်မရကြဘူး။ ပြည်သူ ၆၀ ကျော် ဓားစာခံအနေနဲ့ ဖမ်းလိုက်တာပေါ့။ နှစ်ဦးက အသတ်ခံရတယ်။ အလောင်း တစ်လောင်းက သူတို့ ဆွဲသွားတာ အခုထိ မရသေးဘူး"
သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ ဦးပွရဲ့ ရုပ်အလောင်းကို ပြန်လည်ရရှိပေမယ့် ဦးစိုးတင့်ရဲ့ ရုပ်အလောင်းကို ပြန်မရသေးဘူးလို့ သူက ပြောပါတယ်။
ဒီအပြင် ကျောက်စရစ်ကုန်း၊ မှော်နေကုန်း၊ သပြေအိုက်ရွာတွေက နေအိမ်လေးလုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ္တရာမြို့နယ်မှာ ၂၀၂၄ ခုနှစ် မတ်လကလို့ စစ်ကောင်စီ တပ်စွဲထားတဲ့ရွာတွေကနေ လက်နက်ကြီးနဲ့လည်း မကြာခဏပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆိပ်သာရွာထဲကို မတ်လ ၂၃ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၁၁ လသားအရွယ် ကလေးငယ် အပါအဝင် မိသားစုငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပြည်သူ ၄၈၀၀ သတ်ဖြတ်ခံခဲ့ရသလို နှစ်သောင်းကျော် (၂၀၂၉၀) ဖမ်းဆီးခံထားရပါတယ်။