ဆည်ရေလွှတ်လို့ မတ္တရာမြို့နယ်က ဒေသခံ သုံးသောင်းကျော် ရေဘေးကြုံ

မတ္တရာမြို့နယ် ဆည်တော်ကြီးဆည်ကနေ ကြိုတင်အသိပေးတာမျိုး မရှိဘဲ ဆည်ရေလွှတ်လိုက်တဲ့အတွက် ရေဝင်ရောက်ပြီး လူသုံးသောင်းကျော် ရွှေ့ပြောင်းနေရပါတယ်။

ဆည်ရေလွှတ်ချမှုကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က မတ္တရာမြို့နယ်မှ ကျေးရွာများ ရေနစ်မြုပ်နေသည်အား တွေ့ရစဉ်။ Citizen Journalist

မန္တလေးတိုင်း မတ္တရာမြို့နယ် ဆည်တော်ကြီးဆည်ကနေ ကြိုတင်အသိပေးတာမျိုး မရှိဘဲ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဆည်ရေလွှတ်လိုက်တဲ့အတွက် ဆည်အောက်ဘက်က ရွာ ၁၀ ရွာထက်မနည်း ရေဝင်ရောက်ပြီး လူသုံးသောင်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆည်အောက်ဘက်က သပြေချောင်၊ အင်းတံခါး၊ ဝေါ၊ ဝန်စု၊ အုတ်တိုက်၊ ပန်းကန်စု၊ အုတ်စက်၊ အုတ်ဖို၊ အထက်တောင်ကိုင်းရွာ စတဲ့ရွာတွေမှာ ရေတွေဝင်နေပြီး ဒေသခံတွေ ရေဘေးကြုံနေရတာလို့ ဆိုပါတယ်။

ရေဝင်ရောက်တဲ့ ရွာတွေက ဒေသခံတွေ ညတွင်းချင်း ရေလွတ်ရာကို ရွှေ့ပြောင်းနေကြရသလို ဒီနေ့ မနက်ပိုင်းမှာလည်း ရွှေ့ပြောင်းတာတွေ ဆက်လုပ်နေရတယ်လို့ သပြေချောင်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရေဝင်တဲ့ ရွာတွေကတော့ အများကြီးပဲ။ ပုံမှန်မရောက်တဲ့ ရွာတွေပါ ရေရောက်နေတာ။ ခါတိုင်းကတော့ ရေလွှတ်မယ်ဆို စာကျတယ်လေ။ ကြိုအသိမပေးတော့ အကုန်ဒုက္ခရောက်တာပေါ့။ မနေ့ညကဆို အိမ်ထဲမှာ ၅ ပေအထိတက်တာ။ မရွှေ့နိုင်နဲ့ ပစ္စည်းတွေတော့ ထားခဲ့ရတာပေါ့"

လက်ရှိမှာ ဒေသခံတွေအပြင် ကျွဲ၊ နွားတွေကိုပါ ကုန်းမြင့်ပိုင်းနေရာတွေဆီ ပြောင်းရွှေ့နေရတယ်လို့ သူက ဆိုပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် ဆည်တော်ကြီးဆည်က လှောင်ရေများ ဖောက်မချခင် မြင်ကွင်းကို အောက်တိုဘာ ၆ ရက်နေ့တွင် ဂြိုဟ်တုမှ မြင်တွေ့ရပုံ (ဝဲ) နှင့် ဖောက်ချအပြီး အောက်တိုဘာ ၁၅ ရက်နေ့တွင် ဂြိုဟ်တုမှ မြင်တွေ့ရပုံ (ယာ)။ Credit: Planet Labs

အောက်တိုဘာ ၁၁ ရက်နေ့ကစလို့ မိုးဆက်တိုက်ရွာနေသလို ဆည်ကလွှတ်တဲ့ရေအပြင် ဧရာဝတီမြစ်ရေပါ မြင့်တက်နေတာကြောင့် မတ္တရာမြို့နယ်အတွင်းမှာ ကျေးရွာ အများအပြား ရေဘေးကြုံတွေ့နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးကလည်း ပြောပါတယ်။

"နှစ်တိုင်း ရေဝင်တဲ့ ရွာတွေဆိုရင် အခုက မြစ်ရေရော ဆည်ရေရောကြောင့် ဆိုးဆိုးဝါးဝါး ရေဘေးကြုံနေရတယ်။ ပုံမှန်ရေမရောက်တဲ့ ရွာတွေထိပါ ရေဝင်နေတာ။ ကျေးရွာ အချင်းချင်း ချိတ်ဆက်ပြီး ကူညီပေးနေရတာ။ ကာကွယ်ရေးအဖွဲ့တွေကလည်း ကူညီပေးနေကြတာပဲ။ ဒါပေမဲ့ ကူညီကယ်ဆယ်ရေးက အားနည်းနေတယ်" 

ရေဝင်လို့ ရွှေ့ပြောင်းနေရတဲ့ ဒေသခံတွေဟာ မြွေအန္တရာယ်ပါ စိုးရိမ်နေကြရတယ်လို့လည်း ဆိုပါတယ်။

မတ္တရာမြို့နယ်အတွင်းက ရေဘေးကြုံနေရသူတွေထံ အကူအညီပေးရေး ကိစ္စတွေကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၁၇ ခုနှစ်ကလည်း မတ္တရာမြို့နယ်မှာ ဆည်တော်ကြီးဆည်ကတစ်ဆင့် ရေကြီးရေလျှံဖြစ်တာကြောင့် လက်ရှိရေဘေးကြုံတွေ့နေရတဲ့ ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတာမျိုး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ဒုတိယပတ်ကစလို့ မြန်မာနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းနေမှုနဲ့အတူ မြစ်ရေမြင့်တက်မှုတွေကြောင့် ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မွန်ပြည်နယ် အပါအဝင် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org