မတ္တရာမြို့နယ်က အရပ်သား ၃၀ နီးပါးကို စစ်ကောင်စီတပ် ဖမ်းဆီး

မတ္တရာမြို့နယ်မှာ မတ်လ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျေးရွာ ၁၀ ရွာက အရပ်သား ၃၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

မတ္တရာမြို့နယ်မှ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မတ်လ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျေးရွာ ၁၀ ရွာက အရပ်သား ၃၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

မြွေပုသိမ်၊ မြွေရွှေခဲ၊ မြွေဟင်္သာ စတဲ့ရွာတွေက အရပ်သားတွေပါဝင်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းဝင်တဲ့ ရွာတွေမှာ အဖမ်းခံခဲ့ရတာ။ အဖမ်းခံရတဲ့သူတွေကို မတ္တရာ စစ်ကြောရေး ပို့ထားတယ်လို့ သိရတယ်။ အခုစစ်ကြောင်းရှိတဲ့ထဲမှာ အဖမ်းခံရတဲ့သူတွေ မပါတော့ဘူး။ စစ်ကြောင်းကတော့ မတ္တရာထဲမှာပဲ ရှိသေးတယ်။ ဖမ်းသွားတဲ့အထဲမှာ အသက် ၂၅ နှစ်ကနေ ၄၀ အရွယ်ဝန်းကျင်တွေပဲ။ အမျိုးသားရော၊ အမျိုးသမီးတွေရော ပါတယ်”

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။

ဒေသခံတွေကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဟာ မတ်လ ၁၃ ရက်မှာ မြွေရွှေခဲ၊ မြွေကြည်ကုန်း၊ မြွေကူးတို့ဆိပ်၊ မြွေပုသိမ်ရွာက နေအိမ် ၃၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား မတ္တရာမြို့နယ်မှာ မတ်လ ၁၁ ရက်ကနေ ၁၃ ရက်အထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ မတ္တရာမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါ တယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံထားရသူ ၁၆,၄၉၄ ဦး ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org