မတ္တရာမြို့နယ်မှာ သတ်ဖြတ်ခံထားရသူ သုံးဦး အလောင်းတွေ့

မတ္တရာမြို့နယ် တံတားဖြူနဲ့ ကျောက်တံတားကျေးရွာမှာ ရုပ်အလောင်းသုံးလောင်းတွေ့ခဲ့ရတယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့၊ မြို့မဈေးတစ်နေရာအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ Madaya We Love - facebook

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တံတားဖြူကျေးရွာနဲ့ ကျောက်တံတားကျေးရွာမှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတစ်ခု အပါအဝင် ရုပ်အလောင်းသုံးလောင်းကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက် မနက်ပိုင်းက တွေ့ခဲ့ရတယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။

ကျောက်တံတားရွာထိပ်အနီးမှာ အသက် ၂၀ ကျော်ဝန်းကျင်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး ရဲ့ ရုပ်အလောင်းဟာ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ ဒဏ်ရာတွေ့ရပေမယ့် ကျန်နှစ်ဦးကတော့ ဘယ်လိုသေဆုံးခဲ့သလဲဆိုတာ မသိရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကျောက်တံတားရွာထိပ်မှာ အလောင်းတစ်ခု၊ တံတားဖြူရွာအနီးမှာ ရုပ်အလောင်းနှစ်ခု တွေ့တယ်။ အဲရွာနှစ်ရွာက နည်းနည်းဝေးတယ်။ ကြားထဲမှာ လေးရွာလောက် ခြားသေးတာ။ အကုန်လုံးက အသက် ၂၀ ကနေ ၃၀ ကြား ဝန်းကျင်တွေပဲ။ သေဆုံးသူ တွေက အမျိုးသားတွေပါ။ နောက်နှစ်ယောက်ကတော့ ဘယ်လိုကြောင့် သေတယ်ဆိုတာ တိတိကျကျမသိရဘူး"

သေဆုံးသူတွေရဲ့ နာမည်နဲ့အသက်အရွယ်ကိုတော့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ စစ်ဆေးနေတာကြောင့် အတိအကျမသိခဲ့ရဘူးလို့ သူကပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို အဲဒီနေ့က စစ်ကောင်စီတပ်တွေ သယ်သွားပြီး မတ္တရာမြို့က သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သူက ပြောပါတယ်။

သတင်းမီဒီယာအချို့မှာတော့ သေဆုံးသူတွေမှာ သွေးသောက်အဖွဲ့ရဲ့ တံဆိပ်ကို တွေ့ရတယ်လို့ ဖော်ပြကြပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အရပ်သား သုံးဦးသေဆုံးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေကြားတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org