မယ်လအူး ဒုက္ခသည်စခန်း မြေပြို၊ လူ ၈ ဦး သေဆုံး
ထိုင်းမြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးတာကြောင့် မြေပြိုကာ လူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
-
2018-09-18 -
-
-
ထိုင်းမြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးတာကြောင့် မြေပြိုကာ လူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
မြေပြိုတာကြောင့် လူတွေသေသလို လူနေအိမ်တွေ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ကရင်ဒုက္ခသည် များကော်မတီ KRC အတွင်းရေးမှူး ဦးဘွယ်ဆေး ကပြောပါတယ်။
"လူ ၈ ဦးသေပါတယ် နောက်ပြီးတော့ ၁၁ ဦး ဒဏ်ရာရပါတယ်၊ နောက်အိမ်က အကုန်လုံး ၁၃ လုံးပေါ့နော်၊ မြေပြိုတဲ့ထဲမှာ ၇ လုံးမြုပ်ပါတယ်၊ နောက်ပြီးတော့ ပတ်ဝန်းကျင်က အများပိုင်တဲ့အဆောက်အဦဖြစ်တဲ့ ဆေးရုံတို့၊ စာသင်ကျောင်းတို့၊ ဘုရားရှိခိုးကျောင်းတို့ အကုန်လုံး ၆ လုံးလောက် ပျက်စီးသွားပါတယ်"
ဒီနေ့မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ ဒုက္ခသည်စခန်းကို အကူညီပေးနေတဲ့အဖွဲ့တွေ တွေဆုံဆွေးနွေးကာ ရှေ့ဆက်ကူညီဆောင်ရွက်ဖို့တွေကို ပြောဆိုနေတယ်လို့လည်း သိရပါတယ်။
ဒီမယ်လအူးဒုက္ခသည်စခန်းမှာ လူဦးရေတစ်သောင်းကျော်ရှိပြီး ကရင်တိုင်းရင်းသားတွေ အများဆုံးနေထိုင်တယ်လို့ သိရပါတယ်။
၂၀၀၂ ခုနှစ်တုန်းကလည်း မယ်လအူး ဒုက္ခသည်စခန်းမှာ ရေကြီးခဲ့တဲ့အတွက် လူ ၂၆ ဦး သေဆုံးခဲ့ပြီး အိမ် ၂၅၀ ကျော် ပျက်စီးခဲ့ရပါတယ်။