ကြိုတင်အကြောင်းမကြားဘဲ စက်ရုံ ပြောင်းရွှေ့လို့ အလုပ်သမားများ အခက်ကြုံ
2012.07.15
ဇာဘော်လီချုပ် စက်ရုံပိုင်ရှင် ကိုယ်စားလှယ်ရှေ့နေက မနေ့ ညနေပိုင်းမှာ ဒီစက်ရုံကို ပိတ်ပြီး မယ်ကုအရပ်မှာ ရှိတဲ့ အခြား အထည်ချုပ် စက်ရုံတခုကို မနက်ဖြန် တနင်္လာနေ့မှာ ပြောင်းရမယ်လို့ ပြောတာကနေ အလုပ်သမားတွေ မပြောင်းနိုင်ကြောင်း ပြန်လည် ပြောကြားရာက လုပ်ငန်းရှင်ကိုယ်စားလှယ်နဲ့ အလုပ်သမားတွေကြား အခြေအနေ တင်းမာခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမားတွေက လက်ရှိကုမ္မဏီက ကြိုတင် အသိမပေးဘဲ အလုပ်ရုံပိတ်တဲ့ကိစ္စ အတွက် မကျေနပ်လို့ ကုမ္မဏီက သိမ်းထားတဲ့ သူတို့ရဲ့ အလုပ်သမားလက်မှတ် အပါအဝင် ဗီဇာ ပတ်စ်ပို့ စတဲ့ စာရွက်စာတမ်း အပြည့်အစုံကို ပြန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကုမ္မဏီပိုင်ရှင် ကိုယ်စားလှယ်ဘက်က လိုက်လျောခြင်း မရှိလို့ အလုပ်သမားတွေ အခက်တွေ့နေရတာလို့ စက်ရုံအလုပ်သမားက ပြောပါတယ်။
"အဓိကဖြစ်တဲ့ ပြဿနာကတော့ လူတွေ မပြောင်းချင်ဘဲနဲ့ အတင်းအဓမ္မ ပြောင်းခိုင်းတာပဲ။ ပိတ်မယ် တနင်္လာနေ့အပြီး ပြောင်းရမယ်။ အလုပ်သမားတွေက မသွားချင်ဘူး။ မပြောင်းချင်ဘူး။ တကယ်လို့ သူတို့ အဲလို ပြောင်းပေးမယ်ဆို ညီတို့က မပြောင်းဘူး နစ်နာကြေးပေး။ ဗီဇာပေးလိုက် စာရွက်စာတမ်းအပြည့်ပေးလိုက်၊ သူတို့က ဗီဇာလည်း မပေးချင်ဘူး။ ပေးရင်လည်း သူတို့ သူဌေး အပြောင်းအလဲ သူတို့မလုပ်ပေးဘူး။ ညီတို့က ဘယ်မှာသွားလုပ်မလဲ။ ဘာမှလုပ်လို့ မရတော့ဘူး။"
ဒီကနေ့မှာတော့ Le Form ကုမ္မဏီပိုင်ရှင်ဘက်က အလုပ်သမား အဆောင်အတွက် ငှားရမ်းထားတဲ့ အဆောင်ပိုင်ရှင်ထံ ဖုန်းဆက်ပြီး စက်ရုံ ပိတ်လိုက်တဲ့ အတွက် အဆောင်မငှားတော့ကြောင်း၊ အလုပ်သမားတွေ အတွက် တာဝန် မယူတော့ကြောင်း၊ ပြောလာတာကြောင့် အလုပ်သမားတွေ အားလုံး နောက်တနေ့ မှာ လက်ရှိနေတဲ့ အလုပ်သမား အဆောင်တွေကနေ ပြောင်းရွှေ့ပေးရတော့မှာ ဖြစ်တယ်လို့ လိဖောမ် စက်ရုံ အလုပ်သမတဦးက ပြောပါတယ်။
"မနက်ဖြန်ထိတော့နေလို့ရမယ်။ အလုပ်သမားတွေ သိမ်းဟယ် ရွှေ့ဟယ် ပြောင်းဖို့ အတွက်၊ သူမနက်ဖြန် တနေ့ပေးနေမယ်ပေါ့။ ခုလို လာပြောသွားပါတယ် ဒီကနေ့ပဲ။"
အခုစက်ရုံမှာဖြစ်နေတဲ့ ကိစ္စတွေ မဲဆောက်မြို့ ထိုင်း အလုပ်သမားအခွင့်အရေး ကာကွယ်ရေး ရုံးကို တိုင်ကြားဖို့လည်း စနေ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်လို့ အခက်တွေ့ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံလုပ်ငန်းရှင်တွေဘက်က အခုလို ရွှေ့ပြောင်း အလုပ်သမားတွေကို တခြား စက်ရုံအလုပ်ရုံ ပြောင်းရွှေ့ခိုင်းတော့မယ် ဆိုရင် အလုပ်သမားတွေကို တစ်လ ကြိုတင် အကြောင်းကြားရမယ် ဆိုတဲ့ ထိုင်းအလုပ်သမား ဥပဒေရှိကြောင်းနဲ့ အဲဒီ အပြောင်းအရွှေ့ကို အလုပ်သမားတွေ ဆန္ဒမပါခဲ့ဘူး ဆိုရင် အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ နစ်နာကြေးပါ တောင်းဆိုခွင့်ရှိကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ဥပဒေရေးရာ တာဝန်ခံ ကိုထွေးနိုင်က အခုလို ပြောပါတယ်။
"အဓိကက အလုပ်သမားတွေကို သူ့အနေနဲ့ စက်ရုံဒီရုံကနေ ဟိုဘက်ရုံ သွားပြောင်းတာပဲ ဖြစ်ဖြစ် ချိန်းတာပဲ ဖြစ်ဖြစ် စက်ရုံ အလုပ်သမားတွေကို ကြိုတင် အကြောင်းကြားရတယ်။ အနိမ့်ဆုံး တစ်လအတွင်းမှာ ကြိုတင် အကြောင်းကြားရ ပါမယ်။ တကယ်လို့ တစ်လအတွင်းမှာ ကြိုတင် အကြောင်းမကြားထားဘူး ဆိုရင် အလုပ်သမား အနေနဲ့ ဒီနစ်နာကြေး တစ်လစာ သက်သက် ရတယ်။ နောက်တခါ အလုပ်သမားတွေ လုပ်ထားတဲ့ နှစ်အလိုက်ကို လုပ်အားခ သက်တမ်း အလိုက် နစ်နာကြေးလည်း တောင်းပိုင်ခွင့်လည်း ရှိပါတယ်။ ဥပဒေကြောင်းအရ လွဲပြောင်း ပေးမယ်ဆိုရင် အလုပ်သမားတွေရဲ့ သဘောဆန္ဒ ကျနော်တို့ ခံယူရပါမယ်။ "
လိဖောမ် ဇာဘော်လီချုပ် စက်ရုံဟာ နိုင်ငံခြားသားပိုင် ဖြစ်ပြီး စက်ရုံ မန်နေဂျာတွေကတော့ ထိုင်းနဲ့ တရုတ်လူမျိုးတွေလို့ သိရပါတယ်။ အဲဒီစက်ရုံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး ၃၀၀ နီးပါးလောက်နဲ့ အမျိုးသား (၁၉) ဦး အလုပ်လုပ်နေတာ ဖြစ်ပါတယ်။