မဲဆောက်ရောက် စစ်ဘေးဒုက္ခသည်တွေကို ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ကူညီ

စစ်ဘေးဒုက္ခသည် အများစုက နို့စို့အရွယ်ကလေးတွေ အပါအဝင် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ကူညီထောက်ပံ့ပေးစဉ်။ Photo: RFA

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဒီဇင်ဘာလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ လာရောက်ခိုလှုံနေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်က စစ်ဘေးဒုက္ခသည်တွေကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဇန်နဝါရီ ၁၄ ရက်က သွားရောက် ကူညီထောက်ပံ့ခဲ့ကြပါတယ်။

ရွှေကျင်၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးနဲ့ မုန်းမြို့ စ တဲ့ဒေသတွေက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတာဖြစ်ပြီး အများစုက နို့စို့အရွယ်ကလေးတွေ အပါအဝင် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ကြပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တစ်ရာကျော်ထဲက အိမ်ထောင်စု ရှစ်စု၊ လူ ၅၂ ယောက်စာအတွက် မဲဆောက်မြို့ရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ကူညီထောက်ပံ့တာပါ။

ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ နေ့တိုင်း ပစ်ခတ်နေတဲ့ အတွက် ရွာမှာဆက်နေလို့ မရတော့တာကြောင့် မဲဆောက်မြို့နဲ့ ထိုင်းမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ သူတို့ဆွေမျိုးတွေဆီလာရောက် တိမ်းရှောင်တာလို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။

လေယာဉ်နဲ့ဗုံးကြဲရုံမက စစ်တပ်က အလုံးအရင်းနဲ့ဝင်လာလို့ တိမ်းရှောင်လာတာလို့ ပဲနွယ်ကုန်းမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"လေယာဉ်နဲ့ကြဲတာ။ မပြေးသေးဘူးပေါ့။ မပြေးသေးဘဲနဲ့ အခုနောက်ပိုင်းကျတော့ နည်းနည်းနီးလည်းနီးလာရော မပြေးသေးဘူးရွှေ့လိုက်သေးတယ်။ အဆင်ပြေမလားလို့။ အဲဒီမှာစစ်တပ်ကအင်အားသုံးဝင်လာလိုက်တော့ မနေရဲတော့ဘဲ ထပြေးလာတာ။ မထူးတော့ဘူးဆိုပြီး ထိုင်းကို တက်လာခဲ့တာ။ တက်လာတုန်းက လေးယောက် အမျိုးသားက ယောက်ျားလေးဆိုပိုပြီး အဆင်မပြေလို့ သူ့ကို အရင်ဆုံးလွှတ်လိုက်တယ်။ နောက်ဆုံး တူမလေးနဲ့ ကလေးသုံးယောက်ပေါ့ ထပ်တက်လာတယ်’’

Photo: RFA

စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးတွေနဲ့ရော လေကြောင်းကပါ ပစ်ခတ်နေတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ် ဖြူးမြို့နယ် နတ်လမ်းရွာက ဦးထွန်းစည် က ပြောပါတယ်။

‘’ကျွန်တော်တို့ရွာမှာက တိုက်ပွဲရယ်လို့တော့မဖြစ်ပါဘူး။ PDF ရှိနေတဲ့အတွက် လက်နက်ကြီးတွေနဲ့ ပစ်ချခံနေရတယ်။ နေ့တိုင်း ပစ်တယ်ပေါ့။ တစ်ရက်ခြားနှစ်ရက်ခြားလဲ ပစ်ချခံနေရတယ်။ ဟိုတစ်ယောက် မှန်သွားလိုက် နှစ်ယောက် မှန်သွားလိုက်နဲ့ဆိုတော့ ကျန်တဲ့သူတွေလည်းမနေရဲလို့ ကျွန်တော်တို့လည်း မနေရဲလို့ ထွက်လာခဲ့ရတယ်။လေယာဉ်နဲ့ကျတော့ မရှောင်နိုင်မတိမ်းနိုင်ဘူးလေ။ နောက်ပြီး အသက်ကြီးနေ ပြီဆိုတော့ ပြေးလို့လွှားလို့လည်းမနိုင်တော့ ဖြစ်ရင်ခံရမှာပဲ’’

ထိုင်းက ဆွေမျိုးတွေဆီ တိမ်းရှောင်လာပေမဲ့ ဆွေမျိုးတွေကလည်း ရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့အတွက် သူတို့ကို နေ့စဉ်တာဝန်ယူဖို့ အခက်အခဲရှိနေပါတယ်။

ထိုင်းနိုင်ငံကို ရောက်လာတာ ရက်ပိုင်းမျှသာရှိသေးတဲ့ စစ်ဘေးဒုက္ခသည်တွေ ရှေ့ဆက် နေထိုင်စားသောက်ရေး အဆင်ပြေအောင် တတ်နိုင်သလောက် ဆောင်ရွက်မယ်လို့ ဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

ရွှေကျင်၊ ဖြူးနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဇန်နဝါရီလ ၁ ရက်ကစလို့ ငါးရက်အတွင်း လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက ပစ်ခတ်တဲ့အတွက် ဒေသခံ ခုနစ်ဦး သေဆုံးပြီး အယောက် ၂ဝ ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org