မဟာသန္တိသုခကျောင်း စီးနင်းမှှု ဒေါ်အောင်ဆန်း စုကြည် ပြစ်တင်ပြောကြား
တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်း တိုက်ကို အာဏာပိုင်တွေ ဇွန်လ ၁ဝ ရက် ညက ဝင်ရောက်စီးနင်းကာ သံဃာတော်တွေကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
-
2014-06-18 -
-
-
တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို အာဏာပိုင်တွေ ဇွန်လ ၁ဝ ရက် ညက ဝင်ရောက်စီးနင်းကာ သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီစနစ်ကို ပြောင်းလဲနေပါတယ်ဆိုတဲ့ အခုကာလမျိုးမှာ ဒီလိုမဖြစ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
"ဒီမိုကရေစီဘက်သွားနေပါတယ်ဆိုတဲ့အချိန်မှာ ဒီလိုမလုပ်သင့်ဘူးလေ အထူးသဖြင့် ဒီလို ညကြီးသန်းခေါင် ဝင်ဝင်စီးတာဟာ ဒီဟာဟာ မလုပ်သင့်တဲ့ကိစ္စပဲ၊ မှန်ကန်တဲ့ အလုပ်လုပ်တယ်ဆိုလို့ရှိရင် လူမြင်ကွင်းမှာ လုပ်ရဲရမှာပေါ့"
RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ PR ခေါ် အချိုးကျကိုယ်စားပြုစံနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီစံနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းကျမှ ပြောဆိုလာကြတာဖြစ်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက် တစုံတရာ မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ပြောကြားခဲ့ပါတယ်။
"ဒီလို စနစ်တစ်ခုကို ပြောင်းတယ်ဆိုရင် လက်ရှိစနစ်က အလုပ်မဖြစ်ဘူးဆိုတာ ပေါ်လွင်မှ ပြန်ပြောင်းဖို့ လိုပါတယ်၊ မလိုအပ်ပဲနဲ့ ပြောင်းတဲ့ဟာတွေက ဘယ်လိုမှ ဒီနိုင်ငံကို အကျိုးမပြုနိုင်ဘူး၊ မှန်မှန်ပြောရလို့ရှိရင် ဒါနိုင်ငံရေး ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်တယ်လို့ပဲ ထင်တာပဲလေ၊ ဒီမိုကရေစီအတွက် လုပ်တာတော့ မဟုတ်ပါဘူး"
ဒါ့အပြင် ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ခြင်းမပြုဖို့ ပြည်ထောင်စုလွတ်တော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကော်မတီက ဆုံးဖြတ်ခဲ့တဲ့ ကိစ္စနဲ့ အခုရက်ပိုင်းထွက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် ရဲ့ Hard Choices ခက်ခဲတဲ့ရွေးချယ်မှုများ စာအုပ်မှာဖေါ်ပြထားတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှှု နောက်ကွယ်က အဖြစ်အပျက်တွေနဲ့ ပတ် သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။