မန်းငြိမ်းမောင်အမှု လာမယ့် အင်္ဂါနေ့မှာ အမိန့်ချမည်
အင်းစိန်ထောင် အထူးတရားရုံးမှာ မတရားသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) တို့နဲ့ စွဲချက်တင် စစ်ဆေးနေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် အမှုကို လာမယ့်အပတ် အင်္ဂါနေ့မှာ အပြီးသတ် အမိန့်ချတော့မယ်လို့ ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။
-
2012-03-08 -
-
-
ဒီနေ့ ရုံးထုတ်စစ်ဆေးစဉ် တရားခံဘက်က သက်သေခေါ်ထားတဲ့ တောင်လေးလုံး ဆရာတော် ကျန်းမာရေးအရ တရားရုံးကို ကြွရောက်နိုင်ခြင်း မရှိတာကြောင့် သက်သေများကို စစ်ဆေးခြင်း ပြီးဆုံးသွားပြီဖြစ်ပြီး နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက် ပေးရတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ KNU အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းရဲ့အဖွဲ့က ဦးချစ်ကိုကိုဟာ ဖဒိုမန်းငြိမ်းမောင်ကို ထောင်မှာသွားတွေ့ပြီး မကြာခင် သူတို့ KNU နဲ့ ထပ်တွေ့ဖို့ရှိတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘယ်လို အကြံဉာဏ်ပေးဖို့ရှိလဲဆိုတာ မေးမြန်းတယ်လို့ ဖဒိုမန်းငြိမ်းမောင်က ရှေ့နေကို ပြောပြတယ်လို့ ဆိုပါတယ်။
ဖဒိုမန်းငြိမ်းမောင်ဟာ သူတို့အဖွဲ့နဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွေ ဖြစ်လာအောင် ကူညီခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
အစိုးရဘက်ကလည်း ပြီးခဲ့တဲ့လကတည်းက KNU ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပွဲအပြီးမှာ မန်းငြိမ်းမောင်ကို တစ်ခါတည်း ပြန်ထည့်ပေးလိုက်မယ်ဆိုတာမျိုး ပြောပေမယ့် အခုအချိန်ထိ မလွှတ်သေးဘူးလို့ KNU ဘက်က ပြောဆိုထားပါတယ်။