ပဲခူးက အိမ်ဖော်မိန်းကလေးအမှု အာဏာပိုင်တွေ ဆက်လက်စုံစမ်းနေ

အိမ်ရှင်က မီးပူနဲ့အထိုးခံရပြီး ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ ပဲခူးမြို့က အိမ်အကူ မိန်းကလေးငယ်အမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လာရောက် စစ်ဆေးသလို အမှုကို သတင်းမထုတ်ဖော်ဖို့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကို တားဆီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပဲခူးမြို့ ဥဿာမြို့သစ်၊ အမှတ်(၇) ရပ်ကွက်၊ ဗိုလ်တေဇလမ်းမှာ နေထိုင်တဲ့ ဒုတိယ မြို့နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်းရဲ့ ဇနီး ဒေါ်ဖြူဝင်းသက်က မိမိအိမ်မှာ လာရောက်ပြီး အိမ်အကူအလုပ် လာရောက် လုပ်ကိုင်နေတဲ့ ကျောက်ကြီးမြို့နယ် သိန်းတန်းရပ်ကွက်က အသက် (၁၅) နှစ်အရွယ် မအေးယုမော်ကို မတ်လ (၂၅) ရက်နေ့က မီးပူနဲ့ထိုးကပ်တဲ့ အတွက် လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လိုက်ပါကူညီသူ (၃) ဦးဖြစ်တဲ့ ဦးကြည်လင်း၊ ပန်းရောင်းတဲ့ မမာမာအေးနဲ့ စားသောက်ကုန် ရောင်းချတဲ့ ကိုနေစိုးအောင်တို့ (၃) ဦးကို ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီလောက်က တိုင်းအဆင့်ရဲအုပ်တစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦးတို့က ယဉ်ယဉ်ကျေးကျေး လာရောက်မေးမြန်းတာပါလို့ ဦးကြည်လင်းက ပြောပါတယ်။

“လူကုန်ကူးမှု အထူးနှိမ်နင်းရေးအဖွဲ့က လာမေးတာပါ။ ကျွန်တော်တို့ အဲဒီနေ့က ဖြစ်တဲ့ အဖြစ်အပျက်လေးပါ။ ကျွန်တော် ဘယ်လို နေရာကနေပြီးတော့ မြင်ခဲ့တွေ့ခဲ့ ဆောင်ရွက်ပေးခဲ့တယ် ဆိုတဲ့အကြောင်းလေးပေါ့ခင်ဗျာ။ သူတို့ကလည်း သူတို့အဖွဲ့ အထက်အရာရှိလူကြီးက မေးခိုင်းလို့ပါတဲ့။ ဒီဥစ္စာလေးရဲ့ ဖြစ်ပျက်အကြောင်းအရာလေး၊ ပြည့်ပြည့်စုံစုံ သိချင်လို့ပါ ဆိုပြီးတော့ မေးသွားတာခင်ဗျ။ ဘာလုပ်မယ်ဆိုတာ သူတို့လည်း သေချာ မသိသေးဘူး။”

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်က မီးပူတိုက်တာကြာလို့လို့ ပြောဆိုပြီး သူမကို ကပ်ခဲ့တာပါလို့ သူတို့ရဲ့ မှတ်တမ်းတင် ဗီဒီယိုအခွေမှာ မအေးယုမော်က ငိုယို ပြောဆိုခဲ့ပါတယ်။ ဒီလိုဖြစ်ပွားပြီး (၅) ရက်ခန့်အကြာမှ ဈေးဝယ် ထွက်ရာကနေ ပတ်ဝန်းကျင်က လူတွေက သတိထားမိပြီး မေးမြန်းတော့မှ သူက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလိုသိသိခြင်းပဲ ဦးကြည်လင်းတို့အဖွဲ့က ရဲစခန်းကိုသွားရောက်ပြီး အမှုဖွင့်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ တရားသူကြီး ဦးအောင်ဖုန်းဝင်းက ရဲစခန်းလိုက်လာတာနဲ့ မအေးယုမော်ကို မနစ်နာရအောင် ဆောင်ရွက်ပေးဖို့ ပြောပြီး ပြန်ထည့်ပေးခဲ့တယ်လို့လည်း ဦးကြည်လင်း ကပြောပါတယ်။ ဒီလိုဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်လို့ ဧပြီလ (၂) ရက်နေ့ကလည်း မြို့နယ် တရားသူကြီး (၅) ဦးခန့်က ဦးအောင်ဖုန်းဝင်းရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် လမ်းပြကြယ် ဦးအေးမြင့်ကိုလည်း ဒီသတင်းဖြန့်ဝေမှု မပြုလုပ်ဖို့ လာရောက်ပြောကြားခဲ့တယ်လို့ ဦးအေးမြင့်က ပြောပါတယ်။

“ဦးအောင်ဖုန်းဝင်း ဆောင်ရွက်တာ မဟုတ်ပေမယ့် သူတို့မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ တိုင်းတရားရုံး တပြည်လုံးမှာရှိတဲ့ တရားသူကြီးတွေကအစ ဂုဏ်သိက္ခာကတော့ ဒါကြီးကကျတဲ့အလုပ်ဖြစ်နေတယ်၊ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းနဲ့ တရားသူကြီးနဲ့ဆိုင်တဲ့ နောက်ကဇနီးသည်ရဲ့ မှားယွင်းချက်ကြောင့် တရားသူကြီးကို ဂုဏ်သိက္ခာလည်းထိခိုက်မယ်၊ အလုပ်လည်းထိခိုက်မယ် ဖြစ်တဲ့အကြောင်း ကျနော်တို့ကို ပြောပြပါတယ်။”

အခုနောက်ပိုင်းမှာတော့ အဆိုပါ အနှိပ်စက်ခံခဲ့ရသူ မအေးယုမော်ဟာ ပဲခူးမြို့ကနေ ပျောက်ဆုံးနေသလို၊ ဦးအောင်ဖုန်းဝင်းနဲ့ ဇနီးသည် ဒေါ်ဖြူဝင်းသက်တို့လည်း အိမ်ကိုပိတ်ပြီး ဘယ်ရောက်နေမှန်း မသိဘူးလို့ ဦးကြည်လင်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org