မလက်တိုကျေးရွာအုပ်စု လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခ စုံစမ်းစစ်ဆေးမည်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မတ်လ ၄ ရက် ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။
-
2013-03-04 -
-
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာမှာ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မတ်လ ၄ ရက် ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။
အဲဒီအဖွဲ့ကို ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ဦးဆောင်မှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အဖွဲ့ဝင်တွေနဲ့ တိုင်ပင်လုပ်ဆောင်သွားမယ်လို့ ဘဏ္ဍာအခွန် ဝန်ကြီးက RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ အဖွဲ့ဖွဲ့တုန်းပဲ ရှိပါသေးတယ်ခင်ဗျ၊ ကျနော်တို့ ပြန်လည်တိုင်ပင်ခြင်း ဘာညာပြောဖို့အတွက် အချက်အလက် ကျနော့်မှာ ဘာမှမရှိပါသေးဘူးခင်ဗျ၊ ကျနော်ရည်ရွယ်ထားတာက စစ်ဆေးစုံစမ်းပြီးတော့ ရသမျှအားလုံးကို သတင်းစာရှင်းလင်းပွဲလုပ်ဖို့အထိ ရည်ရွယ်ထားပါတယ်”
ဒီအဖွဲ့ထဲမှာ ဒေသခံတွေကိုလည်းပါဝင်စေမှာဖြစ်ပြီး လာမယ့် မတ်လ ၆ ရက်နေ့မှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေကို ကွင်းဆင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကော်မရှင်ဖွဲ့စည်းဆောင်ရွက်မယ့်အပေါ် အဲဒီကော်မရှင်နဲ့ ဒေသခံလယ်သမားတွေ တွေ့ဆုံပြီးမှသာ သိနိုင်မယ်လို့ ဒေသခံလယ်သမားတစ်ဦးဖြစ်တဲ့ ဦးလှမြင့်က ပြောပါတယ်။
"တဖက်က တောင်သူလယ်သမား အဖွဲ့ကနေပြီးတော့ ဦးစီးဦးဆောင် ဆောင်ရွက်မယ့်ပုဂ္ဂိုလ်တွေနဲ့ ခုနက စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ဆုံတွေ့တဲ့အခါမှသာ အဖြေနည်းနည်းချင်း ရလာမှာပါ"
လွန်ခဲ့တဲ့၂၀၀၄ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုက အဒိပ်၊ ပလောင်၊ ဇီးကုံး၊ ကုံဒိုင်းလေး စတဲ့ ကျေးရွာတွေက လယ်ဧက ၅၅၀ကျော်ကို ဒေါက်တာမြင့်စိန်ပိုင် ငါးမွေးမြုရေးကုမ္မဏီဖြစ်တဲ့ အောချက်ဒ်ကုမ္ပဏီက သိမ်းယူခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။
အဲဒီလယ်ယာမြေတွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ လယ်သမားတွေက တောင်းဆိုခဲ့ရာကနေ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်မှုတွြေုဖစ်ခဲ့ကြရာမှာ ရဲတပ်သား တစ်ဦးသေဆုံးခဲ့ရပြီး လူပေါင်းလေးဆယ်နီးပါး ထိခိုက်ဒဏ်ရာရခဲ့တဲ့အထိ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။