မလေးရှားမှာ တရားမဝင် မြန်မာအလုပ်သမားတွေ နိုင်ငံကူး လက်မှတ် အခက်တွေ့
တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို မလေးရှား အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ပြီးတဲ့နောက် မြန်မာသံရုံးမှာ နိုင်ငံကူး လက်မှတ် ပတ်စပို့ လျှောက်တဲ့အခါ မြန်မာအလုပ်သမားတွေ အခက်တွေ့နေရကြောင်း သိရပါတယ်။
-
2011-11-07 -
-
-
မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
မြန်မာသံရုံးမှာ ပတ်စပို့ လျှောက်တဲ့အခါ ပထမဦးဆုံး ကိုယ်ရေး ရာဇဝင် ပုံစံဖြည့်စွက် တင်ပြရပြီး သံရုံးက အမှတ်စဉ် နံပါတ် ထုတ်ပေးပါတယ်။ အမှတ်စဉ် အလိုက် ခေါ်ယူရာမှာ မိမိတို့ အလှည့် ရောက်မရောက် ဖုန်းဆက်မေးရင် သံရုံးက မဖြေကြားတဲ့ အတွက် အကြိမ်ကြိမ် ကိုယ်တိုင် သွားရောက် ကြည့်ရှုကြရတာကြောင့် အချိန်ကုန် အလုပ်ပျက်ကြရတယ်လို့ အလုပ်သမားများ အရေး ဆောင်ရွက်နေတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign Malaysia တာဝန်ခံ ကိုထွန်းထွန်းက ပြောပါတယ်။
အားလုံး ပြီးစီးလို့ပတ်စပို့စာအုပ် ထုတ်ယူတဲ့ အခါမှာလည်း စာရွက် စာတမ်းကြေး ဆိုပြီး ပြေစာမရဘဲ ရင်းဂစ် တစ်ဆယ် ပေးခဲ့ရတယ်လို့လည်း မြန်မာ အလုပ်သမားတွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီလို မြန်မာ သံရုံးမှာ ဒုက္ခမခံနိုင်တဲ့သူတွေက မြို့ထဲက လက်ခွဲ အလုပ်သမား အေးဂျင့်တွေဆီမှာ ဝန်ဆောင်ခ ရင်းဂစ် ခုနစ်ရာ ရှစ်ရာပေးပြီး ပတ်စပို့တွေ လွယ်လွယ် ကူကူ ရနေကြောင်းလည်း ကိုထွန်းထွန်းက ပြောဆိုပါတယ်။
နိုင်ငံကူး လက်မှတ် ပတ်စပို့ စာအုပ်တစ်အုပ် အတွက် မလေးရှား ရင်းဂစ် ၄၈၀ ပေးရပေမဲ့ တခြား နိုင်ငံတွေကို သွားလာခွင့် ရှိကြောင်း စာအုပ်မှာ ထပ်ဆင့် ထောက်ခံစာ ထည့်မပေးဘူးလို့ ကိုထွန်းထွန်းက ပြောပါတယ်။
မလေးရှား အစိုးရရဲ့အဆိုအရ မှတ်ပုံတင်သူ တရားမဝင် မြန်မာ အလုပ်သမား နှစ်သိန်း သုံးသောင်းလောက် ရှိပါတယ်။ ပတ်စပို့ လျှောက်ထားသူတွေကို မြန်မာသံရုံးက တစ်နေ့ ဦးရေ (၂၅၀) နှုန်းနဲ့ ထုတ်ပေးနေတယ်လို့သိရပါတယ်။