မလေးရှားမှာ နှစ်ပတ်အတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား နှစ်ရာခန့်ရှိလာ

မလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား ၂၀၀ ခန့် ဖမ်းဆီးခံလိုက်ရပါတယ်။

မလေးရှား ဆလန်ဂေါ်ပြည်နယ်မှ သစ်စက်တစ်ခုတွင် မြန်မာနိုင်ငံသား ၃၈ ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးခံရစဉ်။ The Department of Immigration Malaysia (JIM) PTP

မလေးရှားနိုင်ငံမှာ ဇန်နဝါရီလ ၁ ရက်နေ ၁၆ ရက်နေ့အထိ နှစ်ပတ်အတွင်း တရားမဝင်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား ၂၀၀ ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာတွေကို အကူအညီပေးနေသူတွေက RFA ကို ဇန်နဝါရီလ ၁၇ ရက် ဒီနေ့ ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကူညီနေသူ တစ်ဦးကတော့ အခုရက်ပိုင်း မလေးရှားနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့နေရာတွေက စားသောက်ဆိုင်နဲ့ မြန်မာနိုင်ငံသားတွေရှိတဲ့ စားသောက်ဆိုင်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ RFA ကို ပြောပါတယ်။

“အခုက ကွန်ပလိန်းတက် (တိုင်တဲ့) နေရာတွေမှာ များတယ်။ ပုံမှန်လိုဖြစ်နေပြီ ဖမ်းတာက ပါမစ်က မဖွင့်သေးတော့နေ့တိုင်း ဖမ်းတယ်။ အခုသူတို့ ပစ်မှတ်က စားသောက်ဆိုင်တွေ ဖမ်းတယ်။ ပြီးတော့ KTV၊ မြန်မာဆိုင် အဲဒါတွေများတယ်။ မလေးရှားနိုင်ငံထဲ အဝင်ဘက်မှာလည်းဖမ်းတယ်”

ဇန်နဝါရီ ၉ ရက်နဲ့ ၁၃ ရက်တွေမှာလည်း ထိုင်းကတစ်ဆင့် မလေးရှားကိုဝင်လာတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရတယ်လို့ သူက ပြောပါတယ်။

မလေးရှားနိုင်ငံ ကင်မရွန်း ဟိုင်းလျဲန် (Cameron Highlands)၊ ပက်သလစ်ဂျာယာ (Petaling Jaya)၊ ဆလန်ဂေါ် (selangor)၊ ဂျိုဟိုး (Johor) အစရှိတဲ့ မြို့တွေနဲ့ နေရာတော်တော်များများ ဖမ်းဆီးမှုရှိပြီး အဲဒီနေရာတွေမှာ မြန်မာနိုင်ငံသား အနည်းဆုံး ၁၅၀ ဝန်းကျင် ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာတွေကို ကူညီနေသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦးကို ပြန်ပို့လိုက်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား တစ်သိန်းရှစ်သောင်းနီးပါး ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org