မလေးရှားမှာ မြန်မာနိုင်ငံသား ငါးဆယ်ခန့် ဖမ်းဆီးခံရ

ကွာလာလမ်ပူမြို့ ကပုန်းရပ်ကွက်က လူနေအိမ်တွေကို အဏာပိုင်တွေက ဝင်ရောက်စီးနင်းချိန် မြန်မာနိုင်ငံသား ငါးဆယ်ခန့် ဖမ်းဆီးခံလိုက်ရပါတယ်။

မလေးရှားနိုင်ငံမှ ပြန်ပို့မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါလာသည့် လူဝင်မှုကြီးကြပ်ရေး ထရပ်ကားတစ်စီးအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ်။ REUTERS/Lim Huey Teng Photo

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပုန်း (Kepong) ရပ်ကွက်က လူနေအိမ်တွေကို အဏာပိုင်တွေက ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းချိန် မြန်မာနိုင်ငံသား ငါးဆယ်ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ (Alliance of Chin Refugees) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသားအများစု နေထိုင်တဲ့ရပ်ကွက် စီးနင်းခံရတာလို့ ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ ရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

“မလေး လ.ဝ.က (လူဝင်မှုကြီးကြပ်ရေး) က ထုတ်ပြန်တာမရှိသေးတော့ အတိအကျတော့ မသိနိုင်ဘူး။ ခန့်မှန်းက ငါးဆယ်ကျော်လောက်ရှိမယ်။ ချင်းလူမျိုး အယောက် နှစ်ဆယ်ကျော်ပါသွားတာ။ တိတိကျကျပါသွားတာတော့ သိရတယ်။ အဲဒီနေရာက ကျွန်တော်တို့ ချင်းတွေ အပါအဝင် မြန်မာတွေ တော်တော်များများ နေတဲ့နေရာတွေဖြစ်တယ်”

ဖမ်းဆီးခံရသူတွေကို ကွာလာလမ်ပူမြို့ ဂျလန်ဒူတာ လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ ဖမ်းဆီးခံရသူတွေကို တရားစွဲဆို အရေးယူတာတွေ မလုပ်တော့ဘဲ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နေတာတွေလည်းရှိနေတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ကွာလာလမ်ပူမြို့က လူစည်ကားတဲ့ ဘူကစ်ဘင်တန်း (Bukit Bintang) လမ်းမပေါ်က ဈေးဆိုင်တွေမှာ မြန်မာနိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို စွန့်ခွာပြီး လူငယ်တွေ မလေးရှားနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ သွားရောက်အလုပ်လုပ်ကိုင်တာတွေရှိနေပြီး မလေးရှားနိုင်ငံမှာလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေတာကြောင့် အခက်အခဲမျိုးစုံ ကြုံနေရတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား တစ်သိန်းရှစ်သောင်းနီးပါး ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org