မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ဦးဆောင်ပေးဖို့ မလေးရှားကို BROUK တောင်းဆို

၂၀၂၅ အာဆီယံထိပ်သီးအစည်းအဝေးမှာ မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းပေးဖို့ မြန်မာရိုဟင်ဂျာအသင်း (BROUK) က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗေဒါ ရိုဟင်ဂျာရွာမှ ဒေသခံများအား၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ RFA

လာမယ့်နှစ် ၂၀၂၅ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမဲ့ မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဖိုနဲ့ သူတို့တွေရဲ့ အခွင့်အရေးနဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကာအကွယ်ပေးရေးမှာ ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ဖို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က တောင်းဆိုကြောင်း မလေးရှားသတင်းတစ်ပုဒ်က ဇူလိုင် ၂၀ ရက်နေ့က ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတကာတရားရုံး (ICJ) က အစီအမံတွေ ဆောင်ရွက်ခဲ့ပေမဲ့ ဒီကာကွယ်မှုက လုံလောက်မှုမရှိကြောင်း BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က Bernama သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အရေးပေါ် အကျပ်အတည်းကို အသိအမှတ်ပြုဖို့ လိုအပ်နေပါတယ်၊ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ မလေးရှားနိုင်ငံက ဦးဆောင်ကြိုးပမ်းဖို့လည်း ဦးထွန်းခင်က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ တော်လှန်ရေးအင်အားစုတွေ တနေ့တခြားအားကောင်းလာတာနဲ့အမျှ စစ်တပ်က အားနည်းလာနေပြီး အခြေအနေတွေက ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်ကိုတိုက်ဖျက်နေတဲ့ တော်လှန်ရေးအဖွဲ့အားလုံးကို ထောက်ခံကြောင်းလည်း ဦးထွန်းခင်က ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org