မြန်မာ တစ်ရာကျော် မလေးရှားမှာ ထပ်မံဖမ်းဆီးခံရ

မလေးရှားနိုင်ငံ နဂရီဆမ်ဘီလန်ပြည်နယ်၊ ဆရင်ဘန်းမြို့မှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ ရက်နေ့ညမှာ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့်ကို တွေ့ရစဉ်။ (Photo: Jabatan Imigresen Malaysia

မလေးရှားနိုင်ငံ နဂရီဆမ်ဘီလန်ပြည်နယ်၊ ဆရင်ဘန်းမြို့မှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ ရက်နေ့ညမှာ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီမြို့မှာ တရားမဝင်နိုင်ငံခြားသားတွေ နေထိုင်အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ဝင်ရောက်ဖမ်းဆီးရာမှာ မြန်မာ တစ်ရာကျော်အပါအဝင် နိုင်ငံခြားသား ၆၂၈ ဦး ဖမ်းဆီးခံခဲ့ရတာလို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာအမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၆ ဦးနဲ့ ကလေး လေးဦး စုစုပေါင်း ၁၀၉ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန် ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီးတာကြောင့် နှစ်ထပ်တိုက်ပေါ်ကနေ ထွက်ပြေးခုန်ချခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။

မလေးရှားအစိုးရက တရားဝင်နေထိုင်ခွင့်နဲ့အလုပ်လုပ်ခွင့်တို့ကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ လျှောက်ထားဖို့ ခွင့်ပြုပေးခဲ့ပြီးနောက် အဲဒီနောက်ပိုင်း အဖမ်းအဆီး၊ အစစ်အဆေးတွေ ပိုများလာတာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ ဖမ်းဆီးရမိသူတွေကို တရားမဝင်နေထိုင်မှု၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုပြီး ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့လည်း မလေးရှားတာဝန်ရှိသူတွေက ပြောထားပါတယ်။

ဒီလ ၁ရက်နေ့ကစပြီး ၁၈ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်လို့ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသား ၄,ဝ၂၆ ယောက် ရှိတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနစာရင်းတွေကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org