မလေးရှားမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် လူ ၁၇၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကလန်းမြို့က စက်ရုံတွေနဲ့ နေအိမ်တိုက်ခန်းတွေကို ဝင်ရောက်စီးနင်းချိန် မြန်မာနိုင်ငံသား ၁၅၀ ကျော် အပါအဝင် နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံ ကလန်းမြို့တွင် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် မြန်မာ အပါအဝင် နိုင်ငံခြားသားများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ Imigresen Selangor Photo

မလေးရှားနိုင်ငံ ကလန်းမြို့က စက်ရုံတွေနဲ့ နေအိမ်တိုက်ခန်းတွေကို ဇွန်လ ၂၃ ရက်နေ့မှာ မလေးရှား အာဏာပိုင်တွေက ဝင်ရောက်စီးနင်းချိန် မြန်မာနိုင်ငံသား ၁၅၀ ကျော် အပါအဝင် နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အထောက်အထား ပြည့်စုံသူတွေကို ပြန်လွှတ်ပေးပြီး အထောက်အထား မပြည့်စုံသူတွေ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

“မနေ့က ဖမ်းခံရတာအားလုံးက ၁၇၀၀ ကျော်တယ်။ အဲဒီထဲမှာ မြန်မာက ၁၅၀ လောက်တော့ရှိမယ်။ စာအုပ်ရှိတဲ့သူတွေ အများပိုင်းက ပြန်လွတ်လာပြီ။ စာအုပ်မရှိတဲ့သူတွေက ၃၀ ကျော်လောက်တော့ ကျန်နေခဲ့တယ်။ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်လည်း ပါသွားတယ်။ ကျွန်တော်ကတော့ စာအုပ်ရှိတော့ စက်ရုံက ပြန်လာထုတ်လို့ အခုမနက် ပြန်လွတ်လာတာ”

မနေ့က ဖမ်းဆီး စစ်ဆေးခံရတဲ့ နိုင်ငံခြားသား ၁၇၀၀ ကျော်မှာ အများဆုံးက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်ပြီး မြန်မာ၊ ပါကစ္စတန်၊ နီပေါနဲ့ ထိုင်းနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက မလေးရှား ပြည်သူများတွေရဲ့ တိုင်တန်းမှုကြောင့် (Operasi) အော်ပရာဇီ စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်ဖမ်းဆီးတာလို့လည်း ထုတ်ပြန်ထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေ မေလကုန်ထိ မလေးရှားနိုင်ငံ ဂျိုဟိုး၊ နဂရီဆမ်ဘီလန်၊ ဆလန်ဂေါ၊ ဘူးကစ်ဘင်တန်း ပြည်နယ်တွေ အပါအဝင် နေရာတော်တော်များများမှာ မြန်မာနိုင်ငံသား တစ်ထောင်ကျော် ဖမ်းဆီးခံထားရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် ဧပြီလကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁၉၀,၀၀၀ နီးပါးရှိတဲ့အထဲမှာ ၁၆၀,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org