မန္တလေးပဋိပက္ခ လိမ်လည်တိုင်တန်းသူ အမျိုးသမီးကို တရားရုံးမှာ ရုံးထုတ်စစ်ဆေး

မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့က အကြမ်းဖက်ပဋိပက္ခ စတင်ဖြစ်ပွားစေခဲ့တဲ့ အဓမ္မပြု ကျင့်ခံရတယ် ဆိုပြီး လိမ်လည်တိုင်တန်းသူ အမျိုးသမီးကို မှုခင်းရဲတပ်ဖွဲ့ CID က တရားလိုပြုလုပ်ပြီး ပျဉ်းမနားမြို့ နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မန္တလေးမြို့မှာ အကြမ်းဖက်ပဋိပက္ခ စတင်ဖြစ်ပွားစေခဲ့တဲ့ တိုင်တန်းသူ အမျိုးသမီးကို ဇူလိုင်လ ၂၃ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့တဲ့ ပျဉ်းမနားမြို့နယ် တရားရုံးကို တွေ့ရစဉ် Photo: Myo Thant Khaing / RFA

မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့က အကြမ်းဖက်ပဋိပက္ခ စတင်ဖြစ်ပွားစေခဲ့တဲ့ အဓမ္မပြုကျင့်ခံရတယ် ဆိုပြီး လိမ်လည်တိုင်တန်းသူ အမျိုးသမီးကို မှုခင်းရဲတပ်ဖွဲ့ CID က တရားလိုပြုလုပ်ပြီး ပျဉ်းမနားမြို့ နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မန္တလေးမြို့  ချမ်းအေးသာစံမြို့နယ်က ဆန်းကဖီးပိုင်ရှင် ညီအစ်ကိုနှစ်ဦးက အဓမ္မပြုကျင့်တယ်ဆိုပြီး ပျဉ်းမနား မြို့နယ် မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဇွန်လ၂၉ ရက်က တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့  မှုခင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ အဲ့ဒီအမျိုးသမီးဟာ ငွေကျပ် ၁၀ သိန်းလက်ခံယူပြီး လိမ်လည်တိုင်ကြားဖို့ စေခိုင်းသူတွေ ရှိကြောင်း၊ အဲဒီကိစ္စကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က နိုင်ငံပိုင်မီဒီယာကနေ ကြေညာခဲ့ပါတယ်။

အမှုကို လိမ်လည်တိုင်ကြားတဲ့အမျိုးသမီးကို ပျဉ်းမနား မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး မှုခင်းရဲတပ်ဖွဲ့ CID က တိုက်ရိုက် ကိုင်တွယ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီလိုလိမ်လည်မှုကြောင့် မန္တလေးမြို့မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့သလို ဆိုင်ခန်းတွေ ကားတွေလည်း ပျက်စီးခဲ့ပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ရတဲ့အထိဖြစ်ခဲ့ပြီး လက်ရှိမှာလည်း ပုဒ်မ ၁၄၄ ကို အချိန်လျှော့ပေါ့ သတ်မှတ် ထားပါတယ်။

မန္တလေးမြို့ ပဋိပက္ခမှာ ပါဝင်သူ ၄၉ ဦး ဖမ်းဆီးထားပြီး ၈ ဦးက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ အစိုးရက ထုတ်ပြန် ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org