မန္တလေးမှာ H1N1 လူနာ ၃ ဦး ထပ်မံတွေ့ရှိ
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရာသီတုပ်ကွေး H1N1 ပိုးတွေ့ရှိသူ သုံးဦး ထပ်မံတွေ့ရှိထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။
-
2017-08-03 -
-
-
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရာသီတုပ်ကွေး H1N1 ပိုးတွေ့ရှိသူ သုံးဦး ထပ်မံတွေ့ရှိထားတယ်လို့ မန္တလေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။
မန္တလေးဆေးရုံကြီးနဲ့ ပြင်ဦးလွင်ဆေးရုံတို့က သံသယရှိလူနာ ၅ ဦးကို စစ်ဆေးရာမှာ ၃ ဦးမှာ H1N1 ပိုးကူူးစက် ခံနေရကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။
ကျန်တဲ့နှစ်ဦးကို ဆေးစစ်ထားတဲ့ ရလဒ်ကတော့ မန္တလေးတိုင်း ကျန်းမာရေး ဦးစီးဌာနကို သြဂုတ်လ ၃ ရက် ဒီကနေ့ ညနေ ၆ နာရီကျော်အထိ မရောက်သေးဘူးလို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်း H1N1 ရောဂါပိုးတွေ့ရှိသူ ၃ ဦးက ရမည်းသင်းမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့ နယ် ကျွဲနားထောက်ရွာ တို့ကဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ H1N1 positive (ပိုးတွေ့) လူနာကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ လက်တလော ပြင်းထန် အဆုတ်ရောင်ရောဂါ လူနာလာရင်ထားဖို့ ကိုးထပ်ဆောင်မှာပြင်ဆင်ထားတဲ့ နေရာမှာထားရှိကာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇူလိုင်လ ၁၉ ရက်ကနေ သြဂုတ်လ၂ ရက်နေ့အထိ ပြင်းထန်အဆုတ်ရောင် ရောဂါ ပိုးတွေ့ရှိသူ ၂၈၄ ဦး၊ H1N1 ရောဂါပိုးတွေ့တဲ့ လူနာ ၉၉ ဦးရှိကာ ၁၃ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။