မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်

မန္တလေးတိုင်း အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံ ပြည်သူတွေအတွက် NLD ပါတီက အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်သွားဖို့ ရှိကြောင်း သိရပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ရန် ရောက်ရှိလာသော မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် (ရှေ့တန်း ဝဲမှ တတိယ)ကို တွေ့ရစဉ်။ RFA

လောလောဆယ် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်က ရပ်ကွက် (၃) ခုအတွက် ဒီရက်ပိုင်းအတွင်း အခမဲ့ဆေးခန်းတစ်ခု စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကိုပြောပါတယ်။

"မဟာအောင်မြေ မဲဆန္ဒနယ်မှာ ရပ်ကွက်ကြီး ၁၈ ရပ်ကွက်လောက် ရှိပါတယ်။ အဲဒီမှာ ရပ်ကွက် ၃-၄ ရပ်ကွက်က ချို့ချို့ငဲ့ငဲ့ ရှိတဲ့သူတွေအတွက် ဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် အခမဲ့ဆးခန်းတစ်ခု ဖွင့်ဖို့ သူတို့နဲ့ နက်ဖြန်ခါ ညှိမှာ ဖြစ်ပါတယ်။ နေရာလည်း ကြိုတင်ကြည့်ထားပြီးပါပြီ။"

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်းရပ်ကွက် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအပြီး ဦးအုန်းကြိုင်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးအုန်းကြိုင်၊ ဒေါက်တာဇော်မြင့်မောင်တို့ဟာ NLD ပါတီ ရုံးခန်းဖွင့်ပွဲတွေကို ဒီရက်ပိုင်းအတွင်း လုပ်ဆောင်နေပြီး၊ မကြာခင်မှာ ရပ်/ကျေးအဆင့်ကနေ ဗဟိုအထိ NLD ပါတီညီလာခံတွေ စတင်ကျင်းပမယ့် ကိစ္စနဲ့ ပါတီခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ဖို့ အကြောင်းတွေကို လိုက်လံရှင်းပြနေကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org